ဗီယင်နာ ဇူလိုင် ၆
ဩဂုတ်လတွင် ရေနံစိမ်းထုတ်လုပ်မှုများကို ထပ်မံတိုးမြှင့်သွားမည်ဖြစ်ကြောင်း ကမ္ဘာ့အဓိက ရေနံထုတ်လုပ်သည့်နိုင်ငံများအဖွဲ့ (အိုပက်ပလပ်စ်) က ပြောကြားလိုက်သည်။
ဆော်ဒီအာရေဗျနှင့် ရုရှားနိုင်ငံတို့အပါအဝင် အိုပက်ပလပ်စ်အဖွဲ့ဝင် ရှစ်နိုင်ငံသည် လာမည့်လတွင် တစ်ရက်လျှင် ရေနံစည်ပေါင်း ၅၄၈၀၀၀ တိုးမြှင့်ထုတ်လုပ်ရေးနှင့် ပတ်သက်ပြီး ဇူလိုင် ၅ ရက် က အွန်လိုင်း အစည်းအဝေးတစ်ခုတွင် သဘောတူခဲ့ကြကြောင်း သိရသည်။
အဆိုပါ ရှစ်နိုင်ငံသည် ဆန္ဒအလျောက် တစ်ရက်လျှင် ရေနံစိမ်းစည်ပေါင်း ၂ ဒသမ ၂ သန်း လျှော့ချထုတ်လုပ်မှုကို ဧပြီလတွင် ပြန်လည်ပြင်ဆင်သတ်မှတ်ခဲ့ကြောင်း သိရသည်။ ယင်းနောက် ရေနံစိမ်းထုတ်လုပ်မှုကို တဖြည်းဖြည်းတိုးမြှင့်လာခဲ့ခြင်းဖြစ်သည်။
ဩဂုတ်လတွင် ရေနံစိမ်းထုတ်လုပ်မှုတိုးမြှင့်ခြင်းသည် မေ၊ ဇွန်နှင့် ဇူလိုင်လတို့အတွက် အိုပက်ပလပ်စ်အဖွဲ့က ခွင့်ပြုထားသည့် တစ်ရက်လျှင် ရေနံစိမ်းစည် ၄၁၁၀၀၀ မှ လအလိုက် ထပ်မံ မြင့်တက်လာခြင်းဖြစ်သည်။
အိုပက်ပလပ်စ်အဖွဲ့က စီစဉ်ထားသော ရေနံစိမ်းတိုးမြှင့် ထုတ်လုပ်မှုအစီအစဉ်က ရေနံစိမ်း ဈေးနှုန်းများကို ကျဆင်းစေနိုင်ကြောင်း လေ့လာဆန်းစစ်သူများက ပြောသည်။
အင်န်အိတ်ချ်ကေ


