ဂျကာတာ ဇူလိုင် ၁၆
အမေရိကန်နှင့် အင်ဒိုနီးရှားနိုင်ငံတို့ကြား အခွန်ကောက်ခံမှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေး ပြီးနောက် သဘောတူညီမှု တစ်ရပ်ရရှိခဲ့ကြောင်း သိရသည်။
အင်ဒိုနီးရှားနိုင်ငံ၏ ကုန်ပစ္စည်းများအပေါ် အခွန်နှုန်းထား ၃၂ ရာခိုင် နှုန်းကောက်ခံခြင်းမှ ၁၉ ရာခိုင် နှုန်းအထိ လျှော့ချကောက်ခံရန် သဘောတူညီခဲ့ကြောင်း သိရသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် နှစ်နိုင်ငံအကြား အကောက်အခွန်ဆိုင်ရာ ကောင်းမွန်သည့် ဆွေးနွေးမှုတစ်ခုကို တယ်လီဖုန်းမှတစ်ဆင့် ပြုလုပ်ခဲ့ကြောင်း သမ္မတ ပရာဘိုဝိုဆူဘီ ယန်တိုက ပြောသည်။
ထို့ပြင် နှစ်နိုင်ငံကုန်သွယ်မှု ဆက်ဆံရေးကို “ခေတ်သစ်ကုန်သွယ်မှု ဆက်ဆံရေး” တစ်ရပ်အဖြစ် ဆူဘီယန်တိုက သူ၏ အင်တာနက်စာမျက်နှာတွင် ရေးသားခဲ့သည်။
အင်ဒိုနီးရှားကုန်ပစ္စည်းများအပေါ် အခွန်ကောက်ခံမှုနှုန်းသည် ဒေသတွင်းရှိ အခြားသောနိုင်ငံများ ထက် ပိုမိုနည်းပါးကြောင်း သိရသည်။
အင်ဒိုနီးရှားနိုင်ငံသို့ တင်သွင်းသည့် အမေရိကန်ကုန်ပစ္စည်းများအပေါ် အခွန်ကင်းလွတ်ခွင့်ရှိရမည် ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ယမန်နေ့တွင် အခိုင် အမာပြောကြားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံက ဒေါ်လာ ၁၅ ဘီလီယံတန်ဖိုးရှိ စွမ်းအင်များနှင့် ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံ တန်ဖိုးရှိ စိုက်ပျိုးရေးထုတ်ကုန်များကို အမေရိကန်နိုင်ငံမှ ဝယ်ယူရန် ကတိပြုခဲ့ကြောင်း သိရသည်။ ထို့ပြင် ဘိုးအင်းခရီးသည်တင် လေယာဉ် ၅၀ ကိုလည်း ဝယ်ယူမည်ဖြစ်ကြောင်း သိရသည်။
အမေရိကန်နိုင်ငံက ယခု ပထမဆုံးအကြိမ် အင်ဒိုနီးရှားဈေးကွက်သို့ အပြည့်အဝ ဝင်ရောက်ခွင့်ရှိပြီ ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က အခိုင်အမာပြောကြားသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


