ဂျီနီဗာ ဒီဇင်ဘာ ၃၀
အမေရိကန်ပြည်ထောင်စုသည် လာမည့်နှစ်တွင် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအတွက် အမေရိကန်ဒေါ်လာ နှစ်ဘီလီယံ ထောက်ပံ့ကူညီရန် အမေရိကန်အစိုးရနှင့် ကုလသမဂ္ဂတို့ သဘောတူညီလိုက်ကြောင်း အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အဆိုပါ ပမာဏသည် မကြာသေးမီနှစ်များအတွင်း ထောက်ပံ့ပေးမှုများထက် အလွန်နည်းပါးပြီး နိုင်ငံအချို့အတွက်သာပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း ဆက်လက်ဖော်ပြထားသည်။
အမေရိကန်ပြည်ထောင်စုမှ အကြီးတန်းအရာရှိများနှင့် ကုလသမဂ္ဂတို့သည် ဒီဇင်ဘာ ၂၉ ရက်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အဆိုပါသဘောတူညီမှုနှင့် ပတ်သက်၍ ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အမေရိကန်ပြည်ထောင်စု၏ ထောက်ပံ့ကူညီမှုများကို ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး၏ စီမံခန့်ခွဲသောအစီအစဉ်များတွင် အသုံးပြုသွားဖွယ်ရှိကြောင်း သိရသည်။ ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲနှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူးဖြစ်သူ တွမ်ဖလက်ချာက အမေရိကန်ပြည်ထောင်စု၏ ထောက်ပံ့ကူညီမှုကို ကြိုဆိုလိုက်ပြီး ယင်းကဲ့သို့ လုပ်ဆောင်မှုက အသက်ပေါင်းများစွာကို ကယ်တင်နိုင်လိမ့်မည်ဖြစ်ကြောင်း ပြောကြားသည်။
အမေရိကန်ပြည်ထောင်စုသည် မကြာသေးမီနှစ်များအတွင်း တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံထက်မနည်း ခွဲဝေချထားပေးခဲ့ကြောင်း သတင်းမီဒီယာများတွင် ဖော်ပြထားသည်။
ကုလသမဂ္ဂ ကျောထောက်နောက်ခံပြုထားသော အစီအစဉ်များအတွက် အမေရိကန်ပြည်ထောင်စု၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ကူညီမှုရန်ပုံငွေမှာ ပုံမှန်ထက်အလွန်နည်းပါးသော ပမာဏဖြစ်ကြောင်း အေပီသတင်းဌာနတွင် ဖော်ပြထားသည်။
အင်န်အိတ်ချ်ကေ


