ဝါရှင်တန်   ဇူလိုင်   ၁၃

ဥရောပသမဂ္ဂနှင့် မက္ကဆီကိုနိုင်ငံတို့မှ  တင်သွင်းသော ကုန်ပစ္စည်းများအပေါ် ဩဂုတ် ၁ ရက်မှ စတင်၍ အခွန် ၃၀ ရာခိုင်နှုန်း စည်းကြပ်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယမန်နေ့တွင် ပြောကြားသည်။

အဆိုပါအကောက်ခွန်နှုန်းထားများ ကောက်ခံမည့်ကိစ္စနှင့်ပတ်သက်ပြီး ဥရောပသမဂ္ဂနှင့် မက္ကဆီကို နိုင်ငံတို့ကို အကြောင်းကြားထားကြောင်း ဇူလိုင် ၁၂ ရက်တွင် လူမှုမီဒီယာတွင် ရေးသားခဲ့သည်။

ဧပြီလတွင် ဒေါ်နယ်ထရမ့်က ဥရောပသမဂ္ဂသို့  အခွန် ၂၀ ရာခိုင်နှုန်း အပြန်အလှန်ကောက်ခံရန် ကြေညာခဲ့သည်။

အမေရိကန်နှင့် ဥရောပသမဂ္ဂတို့အကြား စေ့စပ်ညှိနှိုင်းမှုများသည် တိုးတက်မှုမရှိသည့်အတွက် ဥရောပသမဂ္ဂအပေါ် သွင်းကုန်ခွန် ၅၀ ရာခိုင်နှုန်းကောက်ခံမည်ဟု ထရမ့်က   သတိပေးပြောကြား ခဲ့သည်။

လက်ရှိတွင် ဥရောပသမဂ္ဂနှင့် အမေရိကန်တို့သည် လေကြောင်းနှင့် မော်တော်ကားကဏ္ဍများတွင် ကုန်သွယ်မှုဆိုင်ရာကိစ္စရပ်များကို အသေးစိတ်ဆွေးနွေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် ကုန်သွယ်ရေးသဘောတူညီချက်ရရှိရန် နီးကပ်နေပြီဖြစ်ကြောင်းလည်း ဥရောပသမဂ္ဂ ကုန်သွယ်ရေးညှိနှိုင်းရေးမှူးက ပြောကြားသည်။

ကုန်သွယ်ရေးသဘောတူညီချက်အမြန်ဆုံးရရှိရန်   ဒေါ်နယ်ထရမ့်က   ဥရောပသမဂ္ဂအပေါ် အခွန် ၃၀ ရာခိုင်နှုန်းကောက်ခံမည်ဟု ပြောကြားဖွယ်ရှိကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ် ပြောကြားသည်။

အလားတူ    သမ္မတ ဒေါ်နယ်ထရမ့်က မက္ကဆီကိုနိုင်ငံမှ ဝင်ရောက်လာသည့် ကုန်ပစ္စည်းများကို  လက်ရှိအချိန်တွင် ၂၅ ရာခိုင် နှုန်း အခွန်စည်းကြပ်ကောက်ခံ လျက်ရှိသည်။ သို့သော် အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုနိုင်ငံတို့အကြား လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်တွင် အကျုံးဝင် သော   ပစ္စည်းများ မပါဝင်ကြောင်း သိရသည်။

မက္ကဆီကိုနိုင်ငံသည် အမေရိကန်နှင့် မက္ကဆီကိုနှစ်နိုင်ငံ နယ်စပ်တွင် မူးယစ်ဆေးဝါး တရားမဝင် တင်ပို့မှုအပေါ် ကာကွယ်တားဆီးလျက်ရှိသော်လည်း ပိုမိုထိရောက်မှုရှိစေရန်အတွက် ဒေါ်နယ်ထရမ့် က အခွန် ၃၀ ရာခိုင် နှုန်းကောက်ခံမည်ဟု ပြောကြားခြင်းဖြစ်ကြောင်း သိရသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်