ကလျာမိုးမြင့်

 

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ဒီမိုကရေစီလိုလားတဲ့ ဟောင်ကောင်ဆန္ဒပြ ပြည်သူတွေကို ထောက်ခံတဲ့ လူ့အခွင့်အရေး ဥပဒေကို အမေရိကန်က လက်မှတ်ရေးထိုး အတည်ပြုလိုက်တာနဲ့ပတ်သက်ပြီး မကျေမချမ်းဖြစ်ခဲ့တဲ့ တရုတ်နိုင်ငံက ဒီကိစ္စကို ပြန်ပြီး တုံ့ပြန်ဆောင်ရွက်ရလိမ့်မယ်လို့ အမေရိကန်ကို သတိပေးခဲ့တာ အားလုံးသိကြတဲ့အတိုင်း ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ အဲဒီတုံ့ပြန်မှုကို စပြီးမြင်တွေ့ရပါပြီ။


ဘယ်လိုတုံ့ပြန်ပုံမျိုးလဲ
ဟောင်ကောင်လူ့အခွင့်အရေးဥပဒေကို အမေရိကန် လက်မှတ်ရေးထိုးလိုက်ပြီး သိပ်မကြာခင်မှာပဲ အမေရိကန်ရေတပ်ဖွဲ့ရဲ့ သင်္ဘောတွေနဲ့ လေယာဉ်တွေဟောင်ကောင်ဆီ သွားရောက်ခွင့်ကို ရပ်ဆိုင်းလိုက်ပါတယ်။ ဒါ့အပြင် အမေရိကန် လူ့အခွင့်အရေး အဖွဲ့ အမြောက်အမြားကို ပိတ်ပင်မှုတွေပြုလုပ်လိုက်တဲ့ အကြောင်းကိုပါ ထုတ်ဖော်ကြေညာလိုက်ပါတယ်။ အမေရိကန်က အတည်ပြုလိုက်တဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီဥပဒေမှာ ဟောင်ကောင်ဟာ အမေရိကန်နဲ့ ကုန်သွယ်ရေးအရ ဦးစားပေး အခွင့်အရေး ရရှိရေးဆုံးဖြတ်နိုင်ဖို့ လုံလောက်တဲ့ အခွင့်အာဏာရှိ မရှိ စစ်ဆေးဖို့ နှစ်စဉ်သုံးသပ်ချက်တစ်ရပ် ပြုလုပ်ဖို့ ညွှန်ကြားထားပါတယ်။


ထိန်းထိန်းသိမ်းသိမ်းဖြစ်စေလို
လတ်တလောမှာ အမေရိကန်နဲ့ တရုတ်နိုင်ငံအကြားဖြစ်ပွားနေတဲ့ ကုန်သွယ်ရေးစစ်ပွဲအဆုံးသတ်စေမယ့် သဘောတူညီမှု တစ်ရပ်ရရှိရေးအတွက် ကြိုးပမ်းနေချိန်ဖြစ်တဲ့အတွက် ဒီအခြေအနေကို ပိုပြီးခက်ခဲမလာစေအောင် ထိန်းထိန်းသိမ်းသိမ်း နေလိုတဲ့ သမ္မတထရမ့်ဟာ ဟောင်ကောင်လူ့အခွင့်အရေးဥပဒေကို လက်မှတ်ရေးထိုးဖို့ တွန့်ဆုတ်နေခဲ့ပေမယ့်လည်း ကွန်ဂရက် လွှတ်တော်က ဖိအားတွေပေးလာတဲ့အတွက် နောက်ဆုံးမှာတော့ဥပဒေကို လက်မှတ်ရေးထိုးခဲ့ရပါတယ်။


တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂ ရက်ကစပြီး အမေရိကန် စစ်သင်္ဘောတွေနဲ့ လေယာဉ်တွေ ဟောင်ကောင်သို့ အလည်အပတ်လာရောက်ဖို့ တင်ထားတဲ့ စာရွက်စာတမ်းတွေကို ပြန်လည်စဉ်းစားသုံးသပ်ခြင်းကို ရပ်နားလိုက်တော့မှာဖြစ်တဲ့ အပြင် နောက်ထပ် တခြားတုံ့ပြန်မှုတွေလည်း လာဦးမယ်လို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။


ပြည်တွင်းရေးဝင်မစွက်ဖို့ သတိပေး

နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချန်ယင်က အမေရိကန်အနေနဲ့ ၎င်းရဲ့အမှားကို ပြင်ဆင်ဖို့နဲ့ ကျွန်ုပ်တို့ရဲ့ ပြည်တွင်းရေးမှာ ဝင်မစွက်ဖို့ ကျွန်ုပ်တို့တိုက်တွန်းတယ်လို့ ပေကျင်းမှာရှိနေစဉ် သတင်းထောက်များသို့ ပြောကြားခဲ့ပါတယ်။ အကယ်၍ ဟောင်ကောင်ရဲ့ တည်ငြိမ်အေးချမ်းမှု၊ အကျိုးစီးပွားနဲ့ တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာအတွက် မဖြစ်မနေ လိုအပ်လာမယ်ဆိုရင် နောက်ထပ်လုပ်စရာရှိတဲ့တုံ့ပြန်မှုတွေကို ဆက်လုပ်သွားဦးမှာဖြစ်တယ်လို့ ဆိုပါတယ်။


တရုတ်နိုင်ငံက အရေးယူပိတ်ဆို့မှုပြုလုပ်ဖို့ ပြင်ဆင်နေတဲ့ အစိုးရမဟုတ်သော အဖွဲ့အစည်းတွေထဲမှာ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့၊ လွတ်လပ်သော အိမ်တော်၊ ဒီမိုကရေစီဆိုင်ရာ အမျိုးသားပံ့ပိုးမှုအဖွဲ့၊ နိုင်ငံတကာရေးရာနဲ့ နိုင်ငံတကာ ရီပတ်ဘလစ်ကန် အင်စတီကျုဆိုင်ရာ အမျိုးသားဒီမိုကရက်တစ်အဖွဲ့ စတဲ့အဖွဲ့အစည်းတွေ ပါဝင်တယ်လို့ သိရပါတယ်။


ဟောင်ကောင်မှာ ကသောင်းကနင်းဖြစ်စေခဲ့တာတွေအတွက် ဒီအဖွဲ့ အစည်းတွေမှာ တာဝန်ရှိတယ်၊ အဲဒီအဖွဲ့အစည်းတွေဟာ အရေးယူပိတ်ဆို့မှုကို ခံရမယ့်အပြင် ထိုက်သင့်တဲ့ ငွေကြေးလည်း ပေးရလိမ့်မယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။ ဘယ်လိုဒဏ်ခတ်မှု ပုံစံမျိုးလဲဆိုတာကိုတော့ အသေးစိတ် မဖော်ပြသေးပါဘူး။


အမေရိကန်အနေနဲ့ ထိခိုက်နိုင်သလား

တရုတ်နဲ့ အမေရိကန်တို့အကြား ဆက်ဆံရေးအခြေအနေ တင်းမာလာတဲ့ အချိန်တိုင်းမှာ စစ်သင်္ဘောတွေ ဟောင်ကောင်ကို လာရောက်မှုကို မကြာခဏဆိုသလို ပိတ်ပင်ရပ်နားမှုတွေ ရှိသော်ငြားလည်း အမေရိကန် ရေတပ်ဖွဲ့သင်္ဘောတွေဟာ နှစ်စဉ်နှစ်တိုင်းဆိုသလို ဟောင်ကောင်ကို မကြာခဏလာရောက်မြဲ ဖြစ်ပါတယ်။ USS Blue Ridge စစ်သင်္ဘောဟာ ပြီးခဲ့တဲ့ ဧပြီလမှာ ဟောင်ကောင်ကို နောက်ဆုံးလာရောက်ခဲ့တဲ့ အမေရိကန်ရေတပ်ဖွဲ့ စစ်သင်္ဘောတစ်စင်းပါ။


ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်တဲ့ ဟောင်ကောင်မှာ ဇွန်လကစတင်ပြီး ဆန္ဒပြပွဲတွေ အကြီးအကျယ်ပေါ်ထွက်လာခဲ့ပြီး တရုတ်အစိုးရက ဒီကိစ္စမှာ အမေရိကန်အပါအဝင် ပြည်ပအစိုးရအဖွဲ့တွေဟာ ဒီမိုကရေစီလိုလားတဲ့ လှုပ်ရှားမှုတွေကို အားပေးအားမြှောက်လုပ်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း တရုတ်နိုင်ငံက USS Lake Erie ခရုဇ်ဆာ စစ်သင်္ဘောနဲ့ USS Green Bay သယ်ယူပို့ဆောင်ရေးသင်္ဘောတွေ ဟောင်ကောင်သို့ လာရောက်ဖို့ တောင်းဆိုချက်ကို ငြင်းပယ်ခဲ့ပါတယ်။ ဘာကြောင့် ငြင်းပယ်သလဲဆိုတဲ့ အကြောင်းပြချက်ကို သိရှိခြင်းမရှိပါဘူး။


ပိတ်ပင်မှုများ
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ရုရှားနိုင်ငံက တိုက်လေယာဉ်တွေ ဝယ်ယူခဲ့တာနဲ့ပတ်သက်ပြီး အမေရိကန်က ပိတ်ဆို့မှုတွေ ချမှတ်လိုက်ပြီးနောက်မှာ တရုတ်နိုင်ငံက အမေရိကန် စစ်သင်္ဘောတစ်စင်း ဟောင်ကောင်သို့လာရောက်ခွင့် တောင်းခံမှုကို ငြင်းဆန်ခဲ့ပါသေးတယ်။ ၂၀၁၆ ခုနှစ်မှာတုန်းကလည်း တောင်တရုတ်ပင်လယ်အတွင်းမှာ တရုတ်နိုင်ငံရဲ့ စစ်ရေးအရတည်ရှိမှုနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ ပေါ်ပေါက်လာချိန်အတွင်း တရုတ်နိုင်ငံက အမေရိကန်ရဲ့ နျူကလီးယားစွမ်းအားသုံး လေယာဉ်တင်သင်္ဘော USS John C Stennis ကို ပိတ်ပင်ခဲ့ပါသေးတယ်။


စင်ကာပူရှိ နန်ယန်နည်းပညာတက္ကသိုလ် လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင် မိုက်ကယ်ရက်စကာက စစ်ရေးရှုထောင့် အမြင်ကနေ ကြည့်မယ်ဆိုရင် နောက်ဆုံးပြုလုပ်ခဲ့တဲ့ ပိတ်ပင်မှုကြောင့် အမေရိကန်အနေနဲ့ ထူးထူးခြားခြားထိခိုက်ဖွယ် မရှိလှဘူး၊ ဘာကြောင့်လဲဆိုတော့ ဒေသတွင်းမှာ တခြားရေတပ်အခြေစိုက်စခန်းတွေ အများကြီးကို အမေရိကန်ရေတပ်က အသုံးပြု လို့ရနေတာပဲလို့ ၎င်းက မှတ်ချက်ချခဲ့ပါတယ်။


ဒါပေမယ့် တစ်ခုရှိတာက အမေရိကန်နဲ့ တရုတ်နိုင်ငံအကြား တင်းမာမှုတွေဟာ ယခုကိစ္စကြောင့် ပိုပြီးနက်ရှိုင်းလာဦးမယ့် အရိပ်လက္ခဏာတစ်ခုကိုတော့ မြင်တွေ့နေရတယ်လို့ မစ္စတာ ရက်စကာက အေအက်ဖ်ပီ သတင်းအေဂျင်စီသို့ ဖြေကြားခဲ့ပါတယ်။


ဟောင်ကောင်လူ့အခွင့်အရေးဥပဒေကို သမ္မတထရမ့်ကပြီးခဲ့တဲ့ ရက်သတ္တပတ်မှာ လက်မှတ်ထိုးလိုက်ပြီးနောက် ဆန္ဒပြသူတွေ ဟာ ဟောင်ကောင်မြို့ရဲ့လမ်းတွေပေါ်မှာ ဝမ်းမြောက်ဝမ်းသာ အောင်ပွဲခံခဲ့ကြပါတယ်။ အတည်ပြုလိုက်တဲ့ ဥပဒေသစ်အရ ဝါရှင်တန်အနေနဲ့ ဟောင်ကောင်မှာ ပေကျင်းရဲ့ လုပ်ဆောင်ချက်မှန်သမျှကို စောင့်ကြည့်သွားနိုင်မယ့် အခွင့်အရေး တစ်ခုရရှိ သွားတဲ့ အနေအထားမျိုးဖြစ်ပြီး အကယ်၍ တရုတ်နိုင်ငံက ဟောင်ကောင်ရဲ့ လူ့အခွင့်အရေး ရပိုင်ခွင့်တွေနဲ့ ပြည်သူတွေရဲ့ လွတ်လပ်ခွင့်ကို ထိခိုက်အောင်ပြုမူလာခဲ့မယ်ဆိုရင် ဟောင်ကောင်အတွက် အမေရိကန်က ခွင့်ပြုထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ ဦးစားပေးအခွင့်အရေးကို အမေရိကန်က ရုပ်သိမ်းနိုင်မှာ ဖြစ်ပါတယ်။


အထူးအခွင့်အရေး
ဟောင်ကောင်ရဲ့ အထူးအခွင့်အရေးဆိုရာမှာ အမေရိကန်က တရုတ်ပြည်မကြီးအပေါ် ချမှတ်လိုက်တဲ့ ပိတ်ဆို့မှုတွေသို့မဟုတ် အခွန်တိုးမြှင့် ကောက်ခံမှုတွေဟာ ဟောင်ကောင်ကို သက်ရောက်မှုမရှိဘူး၊ ဟောင်ကောင်နဲ့ မသက်ဆိုင်ဘူးဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။ ဥပဒေထဲမှာ အကယ်၍ ဟောင်ကောင် ဒေသခံပြည်သူတွေဟာ ငြိမ်းချမ်းတဲ့ဆန္ဒပြမှုတွေမှာ ပါဝင်ခဲ့မှုကြောင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရမယ်ဆိုရင် အမေရိကန်က အဲဒီလူတွေကို အမေရိကန်သို့ဝင်ရောက်ခွင့် ဗီဇာထုတ်ပေးမှာ ဖြစ်တယ်လို့ ဆိုထား ပါတယ်။


နိုင်ငံရေးကျွမ်းကျင်သူတွေကတော့ အမေရိကန်ရဲ့ လုပ်ဆောင်မှုဟာ တရုတ်နဲ့ အမေရိကန်အကြား ဖြစ်ပွားနေတဲ့ ကုန်သွယ်ရေး စစ်ပွဲ အဆုံးသတ်စေဖို့ ပိုပြီးရှုပ်ထွေး ခက်ခဲသွားစေလိမ့်မယ်လို့ ထင်မြင်ချက်ပေးနေကြပါတယ်။ ။

ကိုးကား - အေပီ