နေပြည်တော် ၂ မေ 
    

 

အမျိုးသားအဆင့် ဆေးနှင့်ဆေးပစ္စည်း ဝယ်ယူဖြန့်ဖြူးမှု မဟာဗျူဟာ လက်တွေ့အကောင်အထည်ဖော်မှု လုပ်ငန်းစီမံကိန်း ရေးဆွဲချမှတ်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Horizon Lake View Hotel ၌ ကျင်းပသည်။
    

 

အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဆေးနှင့် ဆေးပစ္စည်း ဝယ်ယူဖြန့်ဖြူးမှုစနစ်၏ စွမ်းဆောင်နိုင်မှု အရည်အသွေးသည် နိုင်ငံနှင့်ဝန်ကြီးဌာနတို့အတွက် လွန်စွာအရေးကြီးပါကြောင်း၊ ယခုအလုပ်ရုံဆွေးနွေးပွဲသည် အဆိုပါစနစ်ကြီးအား ကျွမ်းကျင်မှု ဆိုင်ရာရှုထောင့်မှ လည်းကောင်း၊ စီမံခန့်ခွဲမှုဆိုင်ရာရှုထောင့်မှ လည်းကောင်း အားဖြည့်တည့်မတ်စေရန်အတွက် လက်တွေ့ ဆောင်ရွက်ရမည့် လုပ်ငန်းများကို ရေးဆွဲပြီးဆုံးဖြတ် အတည်ပြုမည့် အလုပ်ရုံဆွေးနွေးပွဲဖြစ်ပါကြောင်း။

 


ယခုအခါ ဝန်ကြီးဌာနအနေဖြင့် ဒုတိယညွှန်ကြားရေးမှူးချုပ်အဆင့် ဦးဆောင်သော ဝယ်ယူဖြန့်ဖြူးရေးဌာနခွဲကိုဖွဲ့စည်း၍ ဆေးနှင့် ဆေးပစ္စည်များ နှစ်အလိုက်သုံးစွဲမှု အခြေအနေ ဆန်းစစ်ခြင်း၊ ဝယ်ယူရန်ဆေးနှင့် ဆေးပစ္စည်း ခန့်မှန်းတွက်ချက်ခြင်း၊ ဝယ်ယူခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းနှင့် အသုံးချမှုအခြေအနေ ဆန်းစစ်ခြင်းတို့ကိုအား ဖြည့်ဆောင်ရွက်လျက်ရှိပါကြောင်း။

 


ဆေးနှင့် ဆေးပစ္စည်း ဝယ်ယူဖြန့်ဖြူးရေးစနစ်၏ အခြေခံအုတ်မြစ်များဖြစ်သော ဆေးနှင့် ဆေးပစ္စည်းများ စနစ်တကျဝယ်ယူခြင်း၊ သိုလှောင်ခြင်း၊ သက်တမ်းလွန်နှင့် စွန့်ပစ်ပစ္စည်းများကို စီမံခန့်ခွဲခြင်း၊ ဖြန့်ဖြူးခြင်း၊ ဆေးနှင့် ဆေးပစ္စည်းလိုအပ်ချက်များကို ခန့်မှန်းတွက်ချက်ခြင်းနှင့် သတင်းအချက်အလက်စနစ် တည်ထောင်ခြင်းတို့ကို အခြေခံ၍ဆွေးနွေးကာ ရေးဆွဲသွားရမည် ဖြစ်ပါကြောင်း၊ ဤလုပ်ငန်းများ အောင်မြင်ရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးနှင့် ဆေးရုံအုပ်ကြီးများ၏ အခန်းကဏ္ဍသည် အဓိကကျပြီးမိမိတို့၏ ကိုယ်ပိုင်အရေးကိစ္စကဲ့သို့ မှတ်ယူဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။

 


ဆေးနှင့်ဆေးပစ္စည်း ဝယ်ယူဖြန့်ဖြူးမှုဆိုင်ရာ ဒီပလိုမာသင်တန်းများ အမြန်ဆုံးဖွင့်လှစ်သင်ကြား ပေးစေလိုပြီး ထိုသို့ သင်တန်းပြုလုပ်ရန်အတွက် USAID Global Supply Chain Program မှ ပံ့ပိုးမှုများပေးစေလိုပါကြောင်း၊ ယနေ့ အလုပ်ရုံဆွေးနွေးပွဲတွင် အတွေ့အကြုံမျှဝေခြင်း၊ လက်တွေ့ကျပြီး နိုင်ငံ၏ အခြေအနေအရပ်ရပ်နှင့် ကိုက်ညီသော အကြံပြုချက်များနှင့် အနောဂတ်တွင် တွေ့ကြုံနိုင်သည့် အခြေအနေများကို ဆွေးနွေးအကြံပြုကြစေလိုပါကြောင်း၊ လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များ ရှင်းလင်းခိုင်မာတိကျပြီး လက်တွေ့မြေပြင်တွင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည့် မဟာဗျူဟာ လက်တွေ့အကောင်အထည်ဖော်မှု လုပ်ငန်းစီမံကိန်းအား ချမှတ်ရေးဆွဲရာမှတစ်ဆင့် နိုင်ငံအတွက် အထူးအကျိုးများစေမည့် ဝယ်ယူဖြန့်ဖြူးမှုစနစ်ကြီး ဖြစ်ပေါ်လာစေရေး ဝိုင်းဝန်းဆောင်ရွက်ကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

 


ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဝယ်ယူဖြန့်ဖြူးရေး) ဒေါက်တာဝင်းနိုင်က အလုပ်ရုံဆွေးနွေးပွဲနှင့် ပတ်သက်သော အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ပြီး Global Health Supply Chain Program - Procurement and Supply Management (GHSC-PSM) မှ Country Director Mr. Mehmood Anwar က လက်တွေ့အကောင်အထည်ဖော်မှု လုပ်ငန်းစီမံကိန်းရေးဆွဲချမှတ်ရာတွင် ဆက်လက်ပံ့ပိုးဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ပတ်သက်၍လည်းကောင်း၊ Consultant Mr. Pierre de Vasson မှ ဆေးနှင့် ဆေးပစ္စည်းဝယ်ယူ ဖြန့်ဖြူးမှု စနစ်ကိုအား ဖြည့်ဆောင်ရွက်ရန်နှင့် စီမံခန့်ခွဲမှုကဏ္ဍ၏ အရေးကြီးမှုတို့ကိုလည်းကောင်း ရှင်းလင်းတင်ပြသည်။

 


အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဦးစီးဌာနများ၊ ဌာနခွဲများနှင့်ကျန်းမာရေးစီမံချက်များမှ မန်နေဂျာများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ် ကျန်းမာရေးဌာနများမှ ကိုယ်စားလှယ်များ၊ ကျွမ်းကျင်မှုဆိုင်ရာနှင့် လုပ်ငန်းဆောင်ရွက်မှု မိတ်ဖက်အဖွဲ့အစည်းများနှင့် အလှူရှင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက အဖွဲ့လိုက် ဝိုင်းဖွဲ့ဆွေးနွေးခြင်း၊ တက်ရောက်လာသူများအားလုံး နှီးနှောဖလှယ်ဆွေးနွေးခြင်းနှင့် အကြံပြုခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

 


(သတင်းစဉ်)