နေပြည်တော် ၁ မတ်
အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၁၉)ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် အမျိုးသားအဆင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က နိုင်ငံ၏ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်မှုသည် ယခုနှစ်ကုန်၌ ၅၀ ရာခိုင်နှုန်းအထိ ရောက်ရှိလာမည်ဖြစ်ပြီး ကျန်ရှိသည့်ဒေသများတွင် မဟာဓာတ်အားလိုင်းနှင့် အလှမ်းကွာဝေးသည့် ကျေးလက်ဒေသများဖြစ်ကြောင်း၊ အဆိုပါ ဒေသများတွင် လူဦးရေသိပ်သည်းဆ နည်းသည့်အပြင် ဓာတ်အားအသုံးပြုမ နည်းပါးသည့်အတွက် ယင်းဒေသများသို့ မဟာဓာတ်အားလိုင်းတိုးချဲ့ရန် ကုန်ကျစရိတ် မြင့်မားမည်ဖြစ်ကြောင်း၊ အဆိုပါဒေသများတွင် ပြန်ပြည့်မြဲစွမ်းအင်များ အသုံးပြု၍ လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းပေးနိုင်ရေးကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ပြင် ကော်မတီအနေဖြင့် အကြံဉာဏ်များ ဖော်ထုတ်ခြင်းနှင့် ရည်မှန်းချက်များ သတ်မှတ်ခြင်းတို့ကို ဆောင်ရွက်သွားရမည့်အပြင် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ လုပ်ငန်းများအောင်မြင်ရန် ပံ့ပိုးကူညီပေးရေးကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် လျှပ်စစ်စွမ်းအား စီမံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဟိန်းထက်က ကော်မတီ၏ လုပ်ငန်းတာဝန်များ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ၊ လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းသွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံတွင် ဆောင်ရွက်သွားမည့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ စီမံကိန်းများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် ဒေါက်တာမျိုးသိမ်းကြီး၊ ကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုနှင့် တာဝန်ရှိသူများက ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို အကြံပြုဆွေးနွေးကြသည်။
အဆိုပါ အစည်းအဝေးသို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ နေပြည်တော်ကောင်စီဝင် ဦးညီထွန်း၊ အမြဲတမ်းအတွင်းဝန်များ၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံဗိသုကာအသင်း၊ မြန်မာ့ပြန် ပြည့်မြဲစွမ်းအင်အသင်း၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)


