နေပြည်တော် ၃၀ ဧပြီ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းအတွက် ဓာတ်အားလိုင်း၊ ထရန်စဖော်မာတည်ဆောက်ရေး တင်ဒါအောင်မြင်သည့် ကုမ္ပဏီများ လုပ်ငန်းအပ်နှံသည့် စာချုပ်လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

 

ww2

 

အဆိုပါ စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်းရှိ ကျေးရွာ ၅၉၀ တွင် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း သိရသည်။

 

3311

 

လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကုမ္ပဏီများမှ မန်နေဂျင်းဒါရိုက်တာနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

 

6611

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အမှာစကားပြောကြားရာတွင် “၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေး”ကို ရည်မှန်း၍ စီမံကိန်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ လက်ရှိအခြေအနေတွင် တစ်နိုင်ငံလုံး၏ အိမ်ထောင်စုများအားလုံးအနက်မှ ၄၄ ရာခိုင်နှုန်းသည် လျှပ်စစ်ဓာတ်အား အသုံးပြုခွင့်ရရှိနေပြီး ၂၀၂၀-၂၀၂၁ ခုနှစ်တွင်  အိမ်ထောင်စု ၅၅ ရာခိုင်နှုန်း  လျှပ်စစ်ဓာတ်အားသုံးစွဲခွင့် ရရှိရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း၊ အနာဂတ် လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရေး ရည်မှန်းချက်အဖြစ် ၂၀၂၅-၂၀၂၆ ခုနှစ်တွင် အိမ်ထောင်စုဦးရေ ၇၅ ရာခိုင်နှုန်း၊ ၂၀၃၀-၂၀၃၁ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး အိမ်ထောင်စုဦးရေ ၁၀ဝ ရာနှုန်းပြည့် လျှပ်စစ်ဓာတ်အား သုံးစွဲခွင့်ရရှိရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။

ပြည်သူများ လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိနိုင်ရန် တည်ဆောက်ရေးလုပ်ငန်းများ၊ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဘဏ္ဍာငွေရရှိရေးကို ပြည်ထောင်စုဘဏ္ဍာငွေ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့၏ နှစ်စဉ်ခွင့်ပြုရန်ပုံငွေ၊ နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သော World Bank ၊ ADB ၊ JICA ၊ KfW Bank တို့မှ အတိုးနှုန်းသက်သာသော နှစ်ရှည်ချေးငွေများဖြင့် တွန်းအားပေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန် ဒေါ်လာသန်း ၃၁၀ ဖြင့် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပထမအဆင့်အနေဖြင့် ဓာတ်အားစနစ်မှ ၂ မိုင်အတွင်း ကျေးရွာ ၅၀၈၀ ရွာအတွက် လိုအပ်သော ထရန်စဖော်မာ၊ ကွန်ကရိတိုင်၊ ကြွေသီး၊ ကြိုး၊ လက်တန်းနှင့် ဆက်စပ်ပစ္စည်းများကို (International Competitive Bidding- ICB) ဖြင့် ခေါ်ဆိုခဲ့ပြီး ပစ္စည်းများ ရောက်ရှိနေပြီဖြစ်ကြောင်း၊ တည်ဆောက်တပ်ဆင်ခြင်း တင်ဒါကို ကမ္ဘာ့ဘဏ်၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ခဲ့ပြီး ယခုကဲ့သို့ စာချုပ်ချုပ်ဆိုခြင်း ဖြစ်ပါကြောင်း။

ယနေ့ချုပ်ဆိုသည့် စာချုပ်များအရ မီးလင်းနိုင်မည့် အိမ်ထောင်စုဦးရေမှာ ရန်ကုန်တိုင်းဒေသကြီးတွင် အိမ်ထောင်စုဦးရေ ၂၀၂၉၂ စု၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် အိမ်ထောင်စု ၃၅၁၉ စု၊ မကွေးတိုင်းဒေသကြီးတွင် အိမ်ထောင်စု ၉၄၅၉ စု၊ ရခိုင်ပြည်နယ်တွင် အိမ်ထောင်စု ၄၈၀ စု၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် အိမ်ထောင်စု ၁၀၄၄ စု၊ ကရင်ပြည်နယ်တွင် အိမ်ထောင်စု ၄၂၂၀ စု၊ မွန်ပြည်နယ်တွင် အိမ်ထောင်စု ၁၃၃၂ စု၊ မန္တလေးတိုင်းဒေသကြီးတွင် အိမ်ထောင်စု ၃၅၇၄၂ စု တိုးတက်လာမည်ဖြစ်ပါကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများကို ယခုနှစ် ဇန်နဝါရီတွင် စတင်ဆောင်ရွက်နေပြီး ၂၀၂၀ ဇွန်လတွင် ပြီးစီးမည်ဖြစ်ပါကြောင်း။

NEP ဒုတိယအဆင့် အနေဖြင့် ဓာတ်အားလိုင်းမှ (၅)မိုင်အတွင်း ကျေးရွာများ ဓာတ်အားရရှိရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ၂၀၂၁ ခုနှစ် စက်တင်ဘာ လကုန်တွင် ပြီးစီးအောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြီးစီးပါက ကျေးရွာပေါင်း ၈၅၃၇ ရွာရှိ အိမ်ထောင်စုပေါင်း ၁၀၃၂၄၁၁ စုခန့် လျှပ်စစ်ဓာတ်အားရရှိလာမည်ဖြစ်ပြီး စုစုပေါင်း Electrification Rate ၉ ဒသမ ၅ ရာခိုင်နှုန်းခန့် တိုးတက်လာကာ တစ်နိုင်ငံလုံး၏ Electrification Rate မှာ ၂၀၁၉ ခုနှစ်ကုန်တွင် ရာခိုင်နှုန်း ၅၀ နှင့် ၂၀၂၁ ခုနှစ်တွင် တစ်နိုင်ငံလုံး Electrification Rate ၅၅ ရာခိုင်နှုန်းထိ တိုးတက်လာမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဝင်းမောင်က စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၏ တည်ဆောက်ရေး တင်ဒါများအတွက် တာဝန်ရှိသူများနှင့် လက်မှတ်ရေးထိုး၍ စာချုပ်များ အပြန်အလှန် လဲလှယ်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

(သတင်းစဉ်)