နေပြည်တော် ၄ မေ
အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့တွင် ဧရာဝတီတိုင်းဒေကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်၊ ဒုတိယဝန်ကြီး ဦးလှကျော်နှင့် ဦးကျော်မျိုး၊ တာဝန်ရှိသူများနှင့်အတူ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေကျပ် ၉၉၀ ဒသမ ၈၆၈ သန်းဖြင့် တည်ဆောက်နေသည့် ဧရာဝတီဟင်္သာတတာ ဇလွန်မြို့နယ်အပိုင်း သဲကုန်း-ညောင်အိုင်ပန်းတာသစ် အပြီးသတ် တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီယူသည် ယနေ့နံနက်ပိုင်းတွင် ဇလွန်မြို့သို့ရောက်ရှိရာ ဇလွန်မြို့ မြတ်ဇလွန်ခန်းမ၌ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဘိုဘိုကျော်က ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် သဲကုန်းရွာအနီးတွင် တည်ဆောက်လျက်ရှိသည့် သဲကုန်း- ညောင်အိုင်ပန်းတာသစ် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဝင်းလှိုင်က သဲကုန်း- ညောင်အိုင်ပန်းတာအနီး ဧရာဝတီမြစ်ကြောင်း ထိန်းသိမ်းခြင်းနှင့် မြစ်ကမ်းထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများနှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ဒုတိယသမ္မတက သဲကုန်း- ညောင်အိုင်ပန်းတာသစ် တည်ဆောက်ခြင်း လုပ်ငန်းအားမိုးမကျမီ အချိန်မီပြီးစီးရေးအတွက် ဆောင်ရွက်ရာတွင် အရည်အသွေး ထိန်းသိမ်းခြင်းကိုလည်း အလေးထား ဆောင်ရွက်ရန်လိုကြောင်း၊ ရေရှည်အားဖြင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဧရာဝတီမြစ် ရေလမ်းကြောင်း ကျယ်ဝန်းကောင်းမွန်စေရန် ဆောင်ရွက်လျက်ရှိသည့် တာတမံအနီး ကမ်းထိန်းခြင်းလုပ်ငန်းများနှင့် သောင်တူးခြင်းလုပ်ငန်းများကို နှစ်စဉ်ဘဏ္ဍာငွေ လျာထားသတ်မှတ်၍ ဖိဖိစီးစီးဆောင်ရွက်သွားရန်လိုကြောင်း၊ ယင်းသို့ ဆောင်ရွက်နေစဉ် ကာလအတွင်း မြစ်ရေကြီးခြင်း၊ ကမ်းပြိုခြင်းများဖြစ်ပေါ်လာပါက ဒေသတွင်း ရေလွှမ်းမိုးပျက်စီးခြင်းမှ ကာကွယ်နိုင်ရန်အတွက် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ယခုပန်းတာသစ်ကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ဧရာဝတီ ဟင်္သာတ တာထိန်းသိမ်းခြင်းလုပ်ငန်းအား ဌာနနှစ်ခုမှ အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်သွားရန် လိုကြောင်း၊ မြစ်ကမ်းထိန်းသိမ်းခြင်းနှင့် ရေလမ်းကြောင်း ကောင်းမွန်ရေးအတွက် ဆောင်ရွက်ရာတွင် ဒေသနှင့် ကိုက်ညီသည့်နည်းလမ်းများ ရှာဖွေဖော်ထုတ်၍ ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်ပြီး ဆောင်ရွက်နိုင်ရန် ကုန်ကျမည့် ပမာဏအားတွက်ချက်ထားရန် လိုအပ်ကြောင်းမှာကြားသည်။
ထို့နောက် ဒုတိယသမ္မတသည် သဲကုန်း-ညောင်အိုင်ပန်းတာ သစ်အားစက် ယန္တာရားများဖြင့် အပြီးသတ်တည်ဆောက်နေမှု၊ ပန်းတာအနီး အိုးဖိုဒေါင့်ကြီးသောင်အား ရေကြောင်းပြောင်းလဲရန်အတွက် သောင်တူးစက်များဖြင့် သောင်တူးနေမှု၊ ရေပေါ်ရေလွှဲတန်း၊ နှုံးဖမ်းတန်းများဖြင့် မြစ်ကမ်းကာကွယ်ရေး ဆောင်ရွက်ထားမှုနှင့် ကမ်းရင်းတာမိုင် ၂၂/၂ မိုင်အနီးတွင် မြစ်ရေတိုက်စားမှုကြောင့် ကမ်းရင်းတာကျိုးပေါက်နေမှုကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ယခုတည်ဆောက်နေသည် ပန်းတာသစ်မှာ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဇလွန်မြို့နယ် ဧရာဝတီဟင်္သာတ တာမိုင် ၂၂/၄-မှ ၂၄/ဝ သဲကုန်း-ညောင်အိုင်ရွာအနီးတွင် တည်ရှိပြီး ယခင်ကမ်းရင်းတာမှာ တာမိုင်၂၂/၃အနီးတွင် တာနှင့်မြစ်ကမ်း အကွာအဝေးသည် ပေ ၄၀ အနီးသို့ ရောက်ရှိနေပြီး အက်ကြောင်းများ ဖြစ်ပေါ်နေကာ မြစ်ကမ်းပါးနိမ့်ကျ၍ ကမ်းရင်းတာအား ထိခိုက်လာသည့်အတွက် ယခု သဲကုန်း- ညောင်အိုင်ပန်းတာ သစ်ကိုမိုးရာသီမတိုင်မီအပြီး တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။
သဲကုန်း-ညောင်အိုင်ပန်းတာသစ်မှာ ယခုအခါ ၉၇ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပြီး ပန်းတာအသစ် တည်ဆောက်ခြင်းအားဖြင့် ဇလွန်၊ ကျုံပျော်၊ ရေကြည်၊ ဓနုဖြူ၊ ကျောင်းကုန်း၊ ငါးသိုင်းချောင်းမြို့နယ်များရှိ လယ်မြေဧက (၃)သိန်းကျော်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု (၄၇၆)စု အိမ်ထောင်စု (၂၈၆၆၁၅)၊ လူဦးရေ (၁၂၅၅၁၆၈)ဦးကို ရေးဘေးအန္တရာယ်မှ ကာကွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
အိုးဖို - သဲကုန်းကျေးရွာ မြစ်ကမ်းထိန်းလုပ်ငန်းနှင့် ဒေါင့်ကြီးရေလမ်း ကောင်းမွန်ရေး သောင်တူးလုပ်ငန်းတို့ကို ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ ရန်ပုံငွေကျပ် ၂၉၆ သန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေကျပ် သန်း ၂၀ဝ တို့ဖြင့် Steel Cable Groyne တည်ဆောက်ခြင်း၊ တစ်တန်းသွားအုန်းတိုင်စိုက်ရေကာ၊ အခြေထိန်းမျော ကျောက်ဖြည့်ရေကာနှင့် သဲအိပ်အလေးဝန်ထည့် ကတ္တရာပေပါတွဲများ ချထားခြင်း၊ ဝါသာလှတူးမြောင်းဝသောင်နှင့် အိုးဖို - သဲကုန်းကျေးရွာရှေ့ တစ်ဖက်ကမ်းသောင် တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းနောက် ဒုတိယသမ္မတသည် ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားအတွက် အလှူငွေများကို ပေးအပ်လှူဒါန်းပြီး ဇလွန်မြို့မှ မော်တော်ယာဉ်ဖြင့် ပြန်လည်ထွက်ခွာခဲ့ရာ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။
(သတင်းစဉ်)


