တစ်နာရီလျှင် အောက်ဆီဂျင်ဓာတ်ငွေ့ ၂၀၀၀၀ မှ ၄၀၀၀၀ Nm3 (Normal Cubic Meter) နှင့် နိုက်ထရိုဂျင်ဓာတ်ငွေ့ ၄၀၀ မှ ၁၂၀၀ Nm3 ထုတ်လုပ်နိုင်မည်

 

နေပြည်တော် ဇူလိုင် ၂၆

 

ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် အမှတ်(၂) သံမဏိစက်ရုံ (ပင်း ပက်) ရှိ လေသန့်စင်အလုပ်ရုံတွင် တပ်ဆင် ထားရှိသည့် Air Compressor များ စမ်းသပ်လည်ပတ်မောင်းနှင်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါစက်ရုံ၌ ကျင်းပသည်။

 

အခမ်းအနားသို့ စက်မှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်၊ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများ၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဗဟို ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိ သူများ၊ ရုရှားနိုင်ငံ TPE Co., Ltd. မှ အင်ဂျင်နီယာချုပ်၊ AGS Co., Ltd. မှ ညွှန်ကြားရေးမှူးချုပ်၊ Rostec မှ ကိုယ်စားလှယ်နှင့် ကျွမ်းကျင်ပညာရှင်များ တက်ရောက်သည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီး သည် လေသန့်စင်အလုပ်ရုံတွင် တပ်ဆင်ထားရှိသည့် Air Com-pressor အမှတ် (၁)အား ထိန်းချုပ်ခန်းမှ ခလုတ်နှိပ်၍ စမ်းသပ်လည်ပတ်မောင်းနှင်ပြီး Air Compressor လည်ပတ်နေမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုအားပေးကာ Air Com-pressor အမှတ်(၂) အား စမ်းသပ် လည်ပတ်မောင်းနှင်ခြင်းလုပ်ငန်း များကို ဆောင်ရွက်သည်။

 

အစီအစဉ် ဒုတိယပိုင်းကို စက်ရုံစုပေါင်းစားရိပ်သာ၌ ဆက်လက်ကျင်းပရာ ပြည်ထောင်စု ဝန်ကြီးက အမှတ်(၂) သံမဏိ စက်ရုံ (ပင်းပက်) စီမံကိန်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင် ရေးအတွက် TPE မှ အဆိုပြုသော သတ်မှတ်ချက် (၃) ခုဖြင့် ဆောင်ရွက်ရန် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသို့ တင်ပြ ခွင့်ပြုချက်ရရှိထားပြီးဖြစ်၍ သတ်မှတ်ချက် (၁) ဖြစ်သည့် လေသန့်စင်အလုပ်ရုံ လည်ပတ် နိုင်ရေးကို စတင်ဆောင်ရွက်ခဲ့ကြောင်း၊ လေသန့်စင်အလုပ်ရုံ အနေဖြင့် တပ်ဆင်စက်စွမ်းအား အရ တစ်နာရီလျှင် အောက်ဆီဂျင် ဓာတ်ငွေ့ ၂၀၀၀၀ မှ ၄၀၀၀၀ Nm3 ( Normal Cubic Meter ) နှင့် နိုက်ထရိုဂျင်ဓာတ်ငွေ့ ၄၀၀ မှ ၁၂၀၀ Nm3 ထုတ်လုပ်နိုင် မည်ဖြစ်ပြီး ရိုမက်သံရည်ကျို အလုပ်ရုံ လည်ပတ်ရန်အတွက် တစ်နာရီလျှင် အောက်ဆီဂျင် ဓာတ်ငွေ့ ၃၃၀၀၀ Nm3 နှင့် နိုက်ထရိုဂျင် ဓာတ်ငွေ့ ၂၁၈ Nm3 သာ လိုအပ်မည်ဖြစ်သောကြောင့် လုံလောက်စွာ ထုတ်လုပ်ပေးနိုင်မည်ကို တွေ့ရှိရကြောင်း။

လေသန့်စင်အလုပ်ရုံ ပြန် လည် လည်ပတ်နိုင်ရန်အတွက် TPE Co., Ltd. မှ ပညာရှင် တစ်ဦးနှင့် AGS Co., Ltd. မှ ပညာရှင်ကိုးဦးတို့ဖြင့် ၂၀၂၅ ခုနှစ် မေ ၁၂ ရက်မှစ၍ တပ်ဆင်ထားရှိ သည့် စက်ပစ္စည်း ကိရိယာများကို စစ်ဆေးခြင်း၊ တပ်ဆင်ခြင်း လုပ်ငန်းများကို စက်ရုံရှိ ကျွမ်းကျင် အင်ဂျင်နီယာများနှင့် ပူးပေါင်း ကြိုးပမ်းအားထုတ်မှုကြောင့် ယခုအခါ လေသန့်စင်အလုပ်ရုံ၏ အဓိက အစိတ်အပိုင်းဖြစ်သည့် Air Compressor များကို အောင်မြင်အောင် စမ်းသပ်လည်ပတ်နိုင်ခြင်း ဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ TPE Co., Ltd. မှ အင်ဂျင်နီယာချုပ် Mr. SENIN၊ AGS Co., Ltd. မှ ညွှန်ကြား ရေးမှူးချုပ် Mr. KONEV နှင့် Rostec မှ ကိုယ်စားလှယ် Mr. VLADISLAV တို့က လေသန့် စင်အလုပ်ရုံ အောင်မြင်စွာ လည်ပတ်နိုင်ရေးအတွက် ဆောင် ရွက်ခဲ့မှု၊ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့်အခြေအနေ တို့ကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်း Air Com-pressor များ စမ်းသပ်လည်ပတ် မောင်းနှင်နိုင်မှု အထိမ်းအမှတ် အမှတ်တရ လက်ဆောင်ကို ပေးအပ်ကြသည်။

 

ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်)ရှိ ဝန်ထမ်းများကို ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၅၀ ပေးအပ်ရာ စက်ရုံမှူးက လက်ခံ ရယူပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။

 

အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းရှိ စီမံကိန်း လုပ်ငန်းများကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ပြန် လည်စတင်ခဲ့ပြီး စက်ရုံရှိ အလုပ်ရုံ ၁၉ ရုံအား စက်စမ်းသပ်လည်ပတ် ခြင်းလုပ်ငန်းများကို ဆောင်ရွက် ပြီးဖြစ်ကြောင်းနှင့် အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်း အား ၂၀၂၆ ခုနှစ် နိုဝင်ဘာလတွင် အပြီးသတ်ဆောင်ရွက်ကာ စက်ရုံစတင်လည်ပတ် ထုတ်လုပ်နိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

 

သတင်းစဉ်