ရန်ကုန် ၆ မတ်
အင်ဒိုနီးရှားနိုင်ငံမှ ဆန်စပါးဝယ်ယူရန်အတွက် တင်ဒါခေါ်ယူရာတွင် မြန်မာနိုင်ငံရှိ ဆန်တင်ပို့သည့် ကုမ္ပဏီများ ဝင်ရောက်ယှဉ်ပြိုင်ရန် ကမ်းလှမ်းထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။
“အဲ့ဒါကြောင့် အင်ဒိုနီးရှားနိုင်ငံဘက်ကနေ နောင်တင်ဒါ ခေါ်တဲ့အချိန်မှာ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အောက်မှာရှိနေတဲ့ Exporter ကုမ္ပဏီတွေအနေနဲ့ တင်ဒါမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ကိုလည်း အင်ဒိုနီးရှားအစိုးရက ကမ်းလှမ်းထားတွေရှိတယ်။ တင်ဒါက ဘယ်အချိန်ခေါ်မယ်ဆိုတာ အတိအကျမသိသေးပါဘူး" ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောသည်။
အင်ဒိုနီးရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား တစ်နှစ်လျှင် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်းငါးရာဝန်းကျင်ရှိသော်လည်း မြန်မာနိုင်ငံမှ အင်ဒိုနီးရှားနိုင်ငံသို့ ကုန်ပစ္စည်းတင်ပို့နိုင်သည့် ပမာဏနည်းပါးနေခြင်းကြောင့် မြန်မာနိုင်ငံမှ ကုန်ပစ္စည်းတင်ပို့သော အမယ်များအနက်မှ ဆန်စပါးကို တိုးချဲ့တင်ပို့နိုင်ရန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် အင်ဒိုနီးရှား ကုန်သွယ်ရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ်က ဆွေးနွေးခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ တင်ဒါခေါ်ယူသည့်အခါ ဝင်ရောက်သည့်အခါ ပြည်တွင်းထုတ်လုပ်မှု ကုန်စရိတ်နှင့် တွက်ခြေကိုက်မှသာ အရောင်းအဝယ် ပြုလုပ်နိုင်မည်ဖြစ်ခြင်းကြောင့် ပြည်တွင်း Exporter ကုမ္ပဏီများအနေဖြင့်လည်း ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရမည်ဖြစ်ကြောင်း သိရသည်။
"အဓိကတော့ ကုန်ပစ္စည်းရောင်းတယ် ဝယ်တယ်ဆိုတာ ကိုယ့်ဘက်က တွက်ချေကိုက်မယ်၊ သူတို့ဘက်ကလည်း တွက်ချေကိုက်မှပဲ ဝယ်မှာလေ။ အဲ့ဒါကြောင့် ကိုယ့်ဘက်ကလည်း ရောင်းနိုင်ဖို့ ပြင်ဆင်ရမှာပေါ့။ ဒါကြောင့် ကျွန်တော်တို့ဘက်ကလည်း ထုတ်လုပ်မှုစရိတ်မြင့်တာ ပြည်တွင်း ဆန်ဈေးမြင့်လိုဆိုပြီး နိုင်ငံခြားကို လျောလျောလျူလျူ တင်ပို့နိုင်ခြင်းမရှိရင် ပြည်တွင်းမှာ ပိုလျံပြီး ဈေးနှုန်းတွေ ကျဆင်းရင် တောင်သူတွေအတွက် ဝင်ငွေနည်းတာ ဖြစ်နိုင်တယ်" ဟု ဦးအောင်သန်းဦးက ပြောသည်။
ပြည်တွင်းထုတ်လုပ်မှု စရိတ်ကြီးမြင့်၍ ပြည်ပဈေးကွက်များသို့ ဆန်စပါးများကို လွယ်ကူစွာ တင်ပို့နိုင်ခြင်းမရှိပါက ပြည်တွင်းစားသုံးမှုပိုလျံ၍ ဆန်ဈေးနှုန်းကျဆင်းခြင်းကြောင့် တောင်သူများအတွက် ဝင်ငွေနည်းပါးမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ပြည်ပသို့ ဆန်ရောင်းမည်ဆိုပါက ကမ္ဘာ့ဆန် ပေါက်ဈေးနှုန်းအတိုင်း အရောင်းအဝယ် ပြုလုပ်ရမည်ဖြစ်ပြီး အဓိကအားဖြင့် ကုန်ပစ္စည်း ထုတ်လုပ်ပြီးသည့်အခါ ဈေးကွက်ရှာဖွေရာတွင် အလွန်အခက်အခဲရှိသဖြင့် ရေရှည်ဖွံ့ဖြိုး တိုးတက်ရန်အတွက် လုပ်ငန်းရှင်များမှ အသက်သာဆုံးနှုန်းထားနှင့် အရည်အသွေး ကောင်းမွန်စွာ ထုတ်လုပ်နိုင်ရမည်ဖြစ်ကြောင်း သိရသည်။
အေးယမုံ


