ဂျကာတာ ၁၁ မတ်
အင်ဒိုနီးရှားအာဏာပိုင်များသည် ကိုရိုနာဗိုင်းရပ်စ် နှင့်ပတ်သက်၍ သတင်းအမှားအား အွန်လိုင်းပေါ်မှ တစ်ဆင့် ပျံ့နှံ့စေသည့် လူခြောက်ဦးကို ဖမ်းဆီး ထိန်းသိမ်းထားကြောင်း ရဲတပ်ဖွဲ့က ယနေ့ ပြောကြားသည်။
ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသော လူနာတစ်ဦးသည် အင်ဒိုနီးရှားနိုင်ငံ၏ ဒုတိယအကြီးဆုံး မြို့ဖြစ်သည့် ဆူရာဘာယာမြို့ရှိ ဆေးရုံတစ်ရုံတွင် ဆေးဝါးကုသမှုခံယူလျက်ရှိသည်ဟု မမှန်ကန်သော သတင်းအား လူမှုမီဒီယာပေါ်၌ ပျံ့နှံ့စေသည့် အမျိုးသမီးတစ်ဦးကို အာဏာပိုင်များက မတ် ၉ ရက်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
ထို့အပြင် ဘုရားဖူးခရီးစဉ်အဖြစ် ဆော်ဒီ အာရေဗျနိုင်ငံသို့ လေယာဉ်ဖြင့်သွားရန် စီစဉ်ထား သည့် မွတ်စလင်အမျိုးသမီးတစ်ဦးသည် ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ဂျကာတာအပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ချက်ချင်းသေဆုံးခဲ့သည်ဟု မှားယွင်း ပြောဆိုမှုအပါအဝင် သတင်းအမှားများအား လူမှု မီဒီယာပေါ်၌ ပျံ့နှံ့စေမှုဖြင့် အခြားလူငါးဦးကို လည်း အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
အဆိုပါ လူခြောက်ဦးသည် နိုင်ငံတော်၏ သတင်းအမှားပျံ့နှံ့မှု တားမြစ်ပိတ်ပင်ရေးဥပဒေကို ချိုးဖောက်မှုဖြင့် ဖမ်းဆီးခံရခြင်းဖြစ်သည်။ ယင်းဥပဒေချိုးဖောက်သူ တစ်စုံတစ်ဦးသည် ခြောက်နှစ်အထိ ထောင်ဒဏ်ချမှတ်ခံရနိုင်ကြောင်း သိရသည်။
“ဒီလို မှားယွင်းတဲ့ သတင်းဖော်ပြသူတွေ ဖမ်းဆီးထိန်းသိမ်းမှုဟာ နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ သတင်းအမှားတွေ အွန်လိုင်းပေါ်မှာ မပျံ့နှံ့စေဖို့အခြားလူတွေအတွက် သင်ခန်းစာတစ်ခု ဖြစ်သင့်ပါတယ်” ဟု အင်ဒိုနီးရှား ဆက်သွယ် ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးဖြစ်သူ ဆယ်မွလ်အာဘရီဂျာနာပန်ဂျရာပန်က ပြောကြားသည်။
ထို့အပြင် အင်ဒိုနီးရှားအာဏာပိုင်များသည် ကိုရိုနာဗိုင်းရပ်စ်နှင့် ဆက်စပ်သည့် သတင်းအမှားများအား လူမှုမီဒီယာပေါ်တွင် လွှင့်တင်သည့် အမျိုးသမီးတစ်ဦးကိုလည်း ပြီးခဲ့သည့်လက ဖမ်းဆီး ထိန်းသိမ်းထားသည်။ ယမန်နေ့က ထုတ်ပြန်သည့် တရားဝင်ကိန်းဂဏန်းများအရ အင်ဒိုနီးရှားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဦးရေ ခြောက်ဦးမှ ၁၉ ဦးအထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။
ယမန်နှစ် နှောင်းပိုင်းက တရုတ်နိုင်ငံအလယ် ပိုင်းမှ စတင်ဖြစ်ပွားခဲ့သည့် COVID-19 ရောဂါကြောင့် ကမ္ဘာတစ်ဝန်းတွင် လူ ၄၀၀၀ ကျော် သေဆုံးခဲ့ပြီး ၁၁၀၀၀၀ ကျော် ရောဂါကူးစက်ခံခဲ့ရကြောင်း သိရသည်။
ကိုးကား - အေအက်ဖ်ပီ
ဘာသာပြန် - ဂျေတီ


