ဂျကာတာ    ဒီဇင်ဘာ     ၃၀

အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် မြောက်ဆူမားတြားနှင့် အနောက်ဆူမားတြား  ပြည်နယ်များတွင် ဖြစ်ခဲ့သည့် ရေကြီးရေလျှံခြင်းနှင့် မြေပြိုခြင်းများအတွက်  ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် တပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင် ၄၈၆၆၉ ဦးကို တာဝန်ပေးခဲ့ကြောင်း  တာဝန်ရှိသူများက  ဒီဇင်ဘာ   ၂၉ ရက်တွင် ပြောကြားသည်။

ထောက်ပံ့ပေး

တပ်ဖွဲ့ဝင်  ၃၇၉၁၀ ကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းများဖြစ်သည့် သန့်ရှင်းသည့် ရေရရှိရေး၊ ဆေးကုသရေး၊ ထောက်ပံ့ရေးပစ္စည်းများ ဖြန့်ဖြူးရေးနှင့် လိုအပ်သည့် လုပ်ငန်များ  ဆောင်ရွက်ရေးအတွက် တာဝန်ပေးခဲ့ကြောင်း အင်ဒိုနီးရှားတပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်ကြီး အေဂတ်စ်ဆူဘီရန်တိုက ပြောသည်။ ဘေလီတံတားများ တည်ဆောက်ခြင်း၊  အိမ်ရာများ တည်ဆောက်ခြင်းနှင့်  ကျောင်းများ  တည်ဆောက်ခြင်းလုပ်ငန်းများကို  တပ်ဖွဲ့ဝင်များက ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။   လေယာဉ်များနှင့် သင်္ဘောများကိုလည်း တာဝန်ပေးမည်ဟု သိရသည်။ စားရေရိက္ခာများကို ရေကြောင်း၊ ကုန်းကြောင်းနှင့်  လေကြောင်းလမ်းများမှ ထောက်ပံ့ပေးကြောင်း သိရသည်။ ရဲတပ်ဖွဲ့ဝင်များကိုလည်း ဆူမားတြားဒေသရှိ  ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် တာဝန်ပေးခဲ့သည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ