ဩဂုတ် ၆
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းသို့ ယခုနှစ် ဇန်နဝါရီလမှဇူလိုင်လအတွင်း နိုင်ငံခြားခရီးသွားလေးသန်းကျော်ဝင်ရောက်မှုရှိကြောင်း ဘာလီခရီးသွားရုံးအဖွဲ့အကြီးအကဲက ယမန်နေ့ကပြောကြားသည်။
အဆိုပါကာလအတွင်း နိုင်ငံခြားခရီးသွားဝင်ရောက်မှုသည် လွန်ခဲ့သောနှစ် အလားတူကာလက နိုင်ငံခြားခရီးသွား ၃ ဒသမ ၈၉ သန်းဝင်ရောက်မှုနှင့်နှိုင်းယှဉ်ပါက ခရီးသွားဝင်ရောက်မှုပိုမိုများပြားကြောင်း ဖော်ပြထားသည်။
အလားတူကာလအတွင်း ဘာလီကျွန်းသို့ ပြည်တွင်းခရီးသွား ငါးသန်းဝင်ရောက်မှုရှိသည်ဟု ၎င်းကဆိုသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီမှ ဇူလိုင်လအတွင်း ဘာလီကျွန်းသို့ ပြည်တွင်းခရီးသွားဦးရေ ငါးသန်း စံချိန်တင်ဝင်ရောက်မှုရှိချိန်တွင် နိုင်ငံခြားခရီးသွား လေးသန်းကျော်လာရောက်လည်ပတ်မှုရှိသည်ဟု ၎င်းကပြောကြားသည်။
ဘာလီသို့ ယခုနှစ်ခရီးသွားဝင်ရောက်မှုသည် လွန်ခဲ့သောနှစ်က လာရောက်လည်ပတ်သောခရီးသွားဦးရေ ၆ ဒသမ ၄ သန်းထက် ပိုမိုများပြားမည်ဟုခန့်မှန်းထားကြောင်း သိရသည်။
ယဉ်ကျေးမှုမျိုးစုံရှိခြင်းနှင့် သဘာဝအလှတရားများရှိခြင်းတို့သည် ဘာလီကျွန်းသို့ လာရောက်လည်ပတ်သည့်ခရီးသွားများအတွက် ဆွဲဆောင်မှုရှိသောနေရာများအနက်မှတစ်ခုဖြစ်နေဆဲဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


