ဟိုပုံး ၄ မေ
အင်းလေး-ခေါင်တိုင် လူရည်ချွန်စခန်းမှ လူရည်ချွန်ကျောင်းသူကျောင်းသား ၁၇၇ ဦးနှင့် ကြီးကြပ်ရေး ဆရာ/ဆရာမ ၁၈ ဦးတို့ကို ပြည်နယ်ပညာရေးမှူး ဦးဝင်းမောင်ဦးဆောင်၍ တာဝန်ရှိသူများလိုက်ပါလျှက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အတွင်းရှိ အထင်ကရနေရာတစ်ခုဖြစ်သည့် ထမ်းဆမ်းလိုဏ်ဂူနှင့် ထမ်းဆမ်းရွှေတိဂုံစေတီတော်တို့သို့ မေ ၄ ရက် နံနက်(၈) နာရီက လာရောက်လေ့လာခဲ့ကြောင်း သိရသည်။
လူရည်ချွန် ကျောင်းသားများအား ဟိုပုံးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနန်းတင့်၊ မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးဝင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာဆရာမကြီးများ၊ ကျောင်းသားကျောင်းသူများ၊ ပအိုဝ်း၊ ရှမ်း စာပေနှင့်ယဉ်ကျေးမှု အဖွဲ့များ တို့က ဟိုပုံးမြို့၊ မြို့မရဲစခန်းရှေ့နှင့် ထမ်းဆမ်းလိုဏ်ဂူတို့တွင် ကြိုဆိုခဲ့ကြကာ ရေသန့်ဘူးနှင့် ထမ်စမ်းလိုဏ်ဂူ၏ သမိုင်းကြောင်း လက်ကမ်းစာစောင်များကို ဝေငှခဲ့ပြီး၊ အင်းလေး-ခေါင်တိုင် လူရည်ချွန်စခန်းမှ လူရည်ချွန် ကျောင်းသားကျောင်းသူများတို့သည် ထမ်းဆမ်းလိုဏ်ဂူနှင့် ထမ်းဆမ်းရွှေတိဂုံစေတီတော်တို့အား လှည့်လည် ဖူးမြော်ကြည်ညိုကာ ထမ်စမ်းဂူအတွင်းရှိ သဘာဝကျောက်ဆောင်၊ ကျောက်စက်ပန်းဆွဲများတို့ကို စိတ်ဝင် တစား လှည့်လည်လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ထက်ထက်(ဟိုပုံး)


