ညောင်ရွှေ ၂ မေ
၂၀၁၉ ခုနှစ် အင်းလေးခေါင်တိုင် လူရည်ချွန်အပန်းဖြေစခန်းတွင် ရောက်ရှိနေသော လူရည်ချွန် လူငယ်မောင်မယ်များသည် ယနေ့တွင် အင်းလေးကန်နှင့် ညောင်ရွှေမြို့နယ်အတွင်းရှိ သမိုင်းဝင်စေတီများနှင့် အထင်ကရနေရာများကို သွားရောက်ဖူးမြော်လေ့လာကြသည်။
လူရည်ချွန်လူငယ်မောင်မယ်များသည် ယနေ့နံနက် ၇ နာရီက အင်းလေးကန်အတွင်း ဟဲယာရွာမရှိ စိန်သမာဓိ ငွေထည်လုပ်ငန်းသို့ သွားရောက်ကာ ရိုးရာငွေ ထည်လက်မှုပစ္စည်းများ ထုတ်လုပ်နေမှုကို လေ့လာကြသည်။ ယင်းနောက် အင်းပေါခုံကျေးရွာရှိ အင်းလေးရိုးရာ ယက္ကန်းစက်ရုံများဖြစ်သည့် အင်းပေါခုံ ယက္ကန်းစက်ရုံနှင့် ခေတ်ဆန်းယဉ်ပိုး၊ ပိုးချည်နှင့် ယက္ကန်းရုံတို့တွင် ရိုးရာအဝတ် အထည်နှင့် အသုံးအဆောင်ပစ္စည်းများ ယက်လုပ်နေမှုတို့ကို ကြည့်ရှုလေ့လာကြသည်။
ယင်းနောက် လူရည်ချွန်လူငယ်မောင်မယ်များသည် ရှေးဟောင်းသမိုင်းဝင် အလိုတော်ပေါက်ဘုရားနှင့် အင်းလေးဖောင်တော်ဦး ဘုရားများအား ဖူးမြော်လေ့လာကြပြီး မွန်းလွဲပိုင်းတွင် ညောင်ရွှေမြို့ပေါ်ရှိ စော်ဘွား ၃၃ ဦး စံမြန်းခဲ့သော ညောင်ရွှေ ဟော်နန်းနှင့် ရွှေဗောဓိ မြို့ဦးစေတီတို့ကို ဖူးမြော်လေ့လာကြသည်။
အင်းလေးကန်ဒေသ၌ ကျေးရွာပေါင်း ၁၉၄ ရွာတည်ရှိပြီး ၁၆၉ ရွာသည် အင်းလေးကန် အတွင်းတည်ရှိပြီး ရွှေပန်းထိမ်၊ ငွေပန်းထိမ်နှင့် ကြေးထည်လုပ်ငန်းများကို ဟဲယာရွာမတွင် အများဆုံးလုပ်ကိုင်ကြကာ ဆွမ်းတော်တင်ကလပ်၊ ရေခွက်၊ ရေကရား၊ ပန်းနှင့် ရှင်လောင်းအဝတ်တန်ဆာများ စသည့် နိဗ္ဗာန်ကုန်များကို အများဆုံးပြုလုပ်ကြကြောင်း သိရသည်။ ဟဲယာရွာမတွင် ငွေပန်းထိမ်လုပ်ငန်း လုပ်ကိုင်လာသည်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၃၅၀ ခန့်မှ စတင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါ ပန်းထိမ်လုပ်ငန်းကိုသာ အဓိကထား လုပ်ကိုင်ကြကြောင်း၊ အဆိုပါ ငွေပန်းထိမ်လုပ်ငန်းသည် ၁၉၉၆ ခုနှစ် မတိုင်မီက ဝယ်ယူသုံးစွဲသူ နည်းပါးမှုကြောင့် လုပ်ငန်းရပ်ဆိုင်းလုမတတ်ဖြစ်သွားပြီး လုပ်ကိုင်သူ ပညာရှင်နည်းပါးခဲ့ကာ ၁၉၉၆ ခုနှစ် မြန်မာနိုင်ငံခရီးသွားနှစ် ရောက်ရှိချိန်မှသာ ငွေပန်းထိမ်လုပ်ငန်းကို ခရီးသွားလုပ်ငန်းနှင့်တွဲဖက်ကာ ပုလဲနှင့် ငွေထည်လက်ဝတ်ရတနာများကိုပါ တိုးမြှင့်ထုတ်လုပ်ပြီး ဈေးကွက်ပြန်လည် ဖော်ဆောင်နိုင်မှုကြောင့် ငွေထည်လက်မှုလုပ်ငန်း ပြန်လည်ထွန်းကားလာခြင်းဖြစ်ကြောင်း စိန်သမာဓိ ငွေပန်းထိမ်လုပ်ငန်းပိုင်ရှင် ဦးစိန်လှိုင်က ပြောသည်။
အင်းလေးကန်အတွင်းရှိ ကျေးရွာများအနက် ရိုးရာယက္ကန်းလုပ်ငန်းကို ဟဲယာ ရွာမ၊ နန်းပန်၊ အင်းပေါခုံ ကျေးရွာများတွင် အများဆုံးလုပ်ကိုင်ကြပြီး ချည်ထည်၊ ပိုးထည်နှင့် ပဒုမ္မာကြာချည်ထည်များ အများအားဖြင့် ယက်လုပ်ကြကြောင်း သိရသည်။ ထို့အတူ ပန်းပဲလုပ်ငန်းကို ဆည်ခေါင်းကျေးရွာနှင့် စဉ့်ထည်လုပ်ငန်းကို ကျောက်တိုင်ကျေးရွာများတွင် အများဆုံးပြုလုပ်ကြကြောင်း သိရသည်။
ဇင်ဦး(မြန်မာ့အလင်း)၊ ဓာတ်ပုံ - သီဟစည်သူ


