တောင်ကြီး   ၃   မေ

၂၀၁၉ ခုနှစ် အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းမှ လူရည်ချွန်ကျောင်းသား ကျောင်းသူများသည် ယနေ့ နံနက်ပိုင်းက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ရိုးရာ ယဉ်ကျေးမှု၊ လက်မှုလုပ်ငန်းများ၊ အထင်ကရနေရာများနှင့် တောင်ကြီးမြို့နယ် အေးသာယာစက်မှုဇုန်အတွင်းလေ့လာကြသည်။

လူရည်ချွန်ကျောင်းသားကျောင်းသူများသည် ယနေ့နံနက် ၇ နာရီက ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်အတွင်းရှိ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တတေဇနိယ (ကုံလုံဆရာတော်ဘုရားကြီး) လွမ်းစေတီစဉ့်စံကျောင်းတော်ကို သွားရောက်ဖူးမြော်လေ့လာကြသည်။

 

mdn

 

အဆိုပါ စဉ့်စံကျောင်းတော်ကို ၂၀ဝ၄ ခုနှစ် ဇန်နဝါရီ ၃၀ ရက်က ပန္နက်တော် တင်၍ စတင်ဆောက်လုပ်ခဲ့ကာ ၂၀ဝ၅ ခုနှစ်စက်တင်ဘာလ ၁၇ ရက်တွင် ပြီးစီးခဲ့ သည်။ ကုံလုံဆရာတော်ဘုရားကြီးသည် သက်တော်(၉၆နှစ်)၊ ဝါတော် ၇၆ ဝါ အရ ၂၀ဝ၄ ခုနှစ် ဇန်နဝါရီ ၃၀ ရက်တွင် ပျံလွန်တော်မူခဲ့ပြီး အဆိုပါ လွမ်းစေတီစဉ့်စံကျောင်း တော်ကြီးတွင် ကုံလုံဆရာတော်ကြီး၏ ရုပ်ကလာပ်တော်ကို ပူဇော်ထားရှိသည်။

ထို့နောက် လူရည်ချွန်ကျောင်းသားကျောင်းသူများသည် ပင်းတယမြို့နယ်၏ အထင်ကရနေရာတစ်ခုဖြစ်သည့် ရွှေဥမင်လိုဏ်ဂူတော်သို့ သွားရောက်ဖူးမြော် လေ့လာကြပြီး ပုန်းတလုတ်ရေကန်အနီးတွင် နေ့လယ်စာ စားသုံးကြသည်။ 

ထို့နောက် ပင်းတယမြို့နယ်အတွင်းရှိ ရိုးရာထီးလုပ်ငန်းနှင့် လက်မှုလုပ်ငန်း များကို သွားရောက်လေ့လာကြသည်။ မွန်းလွဲပိုင်းတွင် တောင်ကြီးမြို့နယ် အေးသာယာ စက်မှုဇုန်ရှိ စိန်ငွေမြ ပြောင်းအခြောက်ခံ စက်ရုံသို့ သွားရောက်လေ့လာကြသည်။ တောင်ကြီး(အေးသာယာ)စက်မှုဇုန်သည် တောင်ကြီးမြို့၏ အနောက် တောင်ဘက် အေးသာယာမြို့နှင့် ညောင်ရွှေမြို့နယ်သွားကားလမ်းမကြီးဘေးတွင် တည်ရှိသည်။ ၁၉၉၉ ခုနှစ် ဇွန်လတွင် မြေဧရိယာ အကျယ်အဝန်း ၉၀၂ ဧကပေါ်တွင် စတင်တည်ထောင်ခဲ့ပြီး မူလစက်မှုဇုန် ၄၀၅ ဧက နှင့် တိုးချဲ့စက်မှုဇုန် ၄၉၇ ဧကပေါ်တွင် တည်ထောင်ထားခြင်းဖြစ်သည်။ ၂၀၁၉ ခုနှစ်ဧပြီ လကုန်အထိ မှတ်ပုံတင်ထားပြီးဖြစ်သော ကြီး၊ ငယ်၊ လတ် စက်မှုလုပ်ငန်းအမျိုးအစားပေါင်း ၅၀ဝ ရှိကြောင်း သိရသည်။

 

mdn

 

အင်းလေးခေါင်တိုင်လူရည်ချွန်စခန်းမှ လူရည်ချွန်များသည် ယနေ့ ညနေပိုင်းတွင် တောင်ကြီးမြို့ အထက(၁)တွင် ညအိပ်ရပ်နားကြပြီး နောက်တစ်နေ့နံနက်တွင် ပအိုဝ်းရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများ၊ ရှေးဟောင်းအမွေအနှစ်များကို သွားရောက်လေ့လာကြမည်ဖြစ်ကြောင်း သိရသည်။

ဇင်ဦး(မြန်မာ့အလင်း)၊ ဓာတ်ပုံ - သီဟစည်သူ