နေပြည်တော် ဇူလိုင် ၂၂

 

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ်တိုက်ဖျက်လျက်ရှိပြီး အဆိုပါလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ စနစ်တကျ လွှဲပြောင်းပေးလျက်ရှိသည်။

 

ထိုသို့ လွှဲပြောင်းပေးလျက်ရှိရာ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်နေထိုင်ပြီး ကရင်ပြည်နယ် မြဝတီမြို့-ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး (KK Park) နှင့် ကျောက်ခတ်နယ်မြေများတွင် တရားမဝင် Online လောင်းကစားမှုများ၊ Online လိမ်လည်မှုများနှင့် ဒုစရိုက်မှုများလုပ်ဆောင်ခဲ့ကြသည့် အီသီယိုးပီးယားနိုင်ငံသား လေးဦးနှင့် ကင်ညာနိုင်ငံသား တစ်ဦး စုစုပေါင်းပြည်ပနိုင်ငံသား ငါးဦးအား လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ယနေ့တွင် ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျလွှဲပြောင်းပေးသည်။

 

ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေချောမွေ့စေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကရင်ပြည်နယ် ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဘုန်းနှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များနှင့် တွေ့ဆုံ၍ ပြည်ပနိုင်ငံသားများအား ပြည်နှင် လွှဲပြောင်းပေးရေးလုပ်ငန်းစဉ်များဆောင်ရွက်နေမှု၊ စာရင်းဇယား၊ အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိရေး ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

 

ထို့နောက် ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲကို ဆက်လက်ကျင်းပရာ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဘုန်းနှင့် တာဝန်ရှိသူများ၊ အီသီယိုးပီးယားနိုင်ငံသံရုံးနှင့် ကင်ညာနိုင်ငံသံရုံးတို့မှ ကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူ သံရုံးကိုယ်စားလှယ် Mr.Tana Judah Hira နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူတို့က သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများထံသို့ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများကို စနစ်တကျ လွှဲပြောင်းပေးအပ်သည်။

 

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ ဇူလိုင် ၂၂ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၉၂၉၉ ဦး စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၉၀၆၀ အား ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၃၉ ဦးအား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။

 

နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများအား ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများအား သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်