ပေကျင်း    ဇူလိုင်    ၃၀

အပစ်အခတ်ရပ်စဲရေးကို   တိကျစွာလိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း ကမ္ဘောဒီးယား၊ ထိုင်းနှင့် တရုတ် သုံးပွင့်ဆိုင်အစည်းအဝေးတွင် ကမ္ဘောဒီးယားနှင့် ထိုင်းတာဝန်ရှိသူများက ကတိကဝတ်ပြုခဲ့ ကြသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဝက်ဘ်ဆိုက်၏   သတင်းထုတ်ပြန်ချက်အရ သိရသည်။

တရုတ်၊ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား ဇူလိုင် ၃၀ ရက်က တရုတ်နိုင်ငံ ရှန်ဟိုင်းတွင် အစည်းအဝေးကျင်းပခဲ့ရာ တရုတ်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆန်ဝီဒေါင်အပါအဝင်    ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့မှ  တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။   ပဋိပက္ခဖြေရှင်းရေးတွင် တရုတ်နိုင်ငံ၏ အပြုသဘောဆောင်သည့် ရပ်တည်ချက်ကို အသိအမှတ်ပြုကြောင်းနှင့်        အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို တိကျစွာလိုက်နာဆောင်ရွက်မည်ဟု   ကမ္ဘောဒီးယား နှင့် ထိုင်းတာဝန်ရှိသူများက   ပြောကြားခဲ့သည်။

ပဋိပက္ခငြိမ်းချမ်းစွာ အဆုံးသတ်ရေးအတွက် တရုတ်နိုင်ငံသည် အပြုသဘောဆောင်သည့်ဘက်မှ ရပ်တည်ဆောင်ရွက်ခဲ့ကာ ယခုကျင်းပသည့် အစည်းအဝေးသည် သံတမန်နည်းလမ်းဖြင့် ဆောင်ရွက်မှု၏ တစ်စိတ်တစ်ဒေသဖြစ်ကြောင်းတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အရ သိရသည်။ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား အာဆီယံအဖွဲ့အလှည့်ကျ သဘာပတိဖြစ် သည့် မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်၏ စေ့စပ်ညှိနှိုင်းမှုဖြင့် မလေးရှားနိုင်ငံ ပူထရာဂျာရာ တွင် ကျင်းပသည့်   ဆွေးနွေးပွဲတွင် ဇူလိုင် ၂၈ ရက် ညသန်းခေါင်ယံအချိန်မှစတင်၍ အပစ်အခတ် ရပ်စဲရန် သဘောတူခဲ့သည်။

ယင်းပဋိပက္ခ စတင်ဖြစ်ပွားချိန်တွင် တရုတ်နိုင်ငံဘက်မှ ကိုယ်စားလှယ်များကို စေ့စပ်ညှိနှိုင်းရေး အတွက်  အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲများသို့ စေလွှတ်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ ဂါအိုဂျီကန်က ပြောကြားသည်။

တရုတ်နိုင်ငံသည်   ယခုပဋိပက္ခ ဖြေရှင်းရေးအတွက် နိုင်ငံရေးနည်းလမ်းဖြင့် ဆောင်ရွက်နိုင်ရန် အာဆီယံအဖွဲ့အား အထောက်အပံ့ပေးမည်ဟု  ၎င်းက ပြောကြားသည်။

တရုတ်နိုင်ငံသည် ယခုရရှိခဲ့သည့် အပစ်အခတ်ရပ်စဲရေးကို အောင်မြင်စွာဆောင်ရွက်နိုင်ရေးနှင့်        ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှုများ ပြန်လည်ရရှိရေးအတွက် ကမ္ဘောဒီးယား၊ ထိုင်း၊ မလေးရှား အပါအဝင် ဒေသတွင်းနိုင်ငံများနှင့်   အပြုသဘောဆောင်သည့်ဘက်မှ ရပ်တည်ဆောင်ရွက်မည်ဟု တရုတ်တာဝန်ရှိသူက ပြောကြားသည်။ 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ