မန္တလေး ၁ မေ

 

(၁၂၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားမှာ မန္တလေးမြို့ရှိ အလုပ်သမားများက လုပ်ခလစာကို တစ်နှစ်လျှင် တစ်ကြိမ် သုံးသပ်ပြင်ဆင်ပေးရေးအပါအဝင် အချက်ခြောက်ချက်ကို လမ်းလျှောက်ချီတက် တောင်းဆိုမှု ပြုလုပ်ခဲ့သည်။

 

အဆိုပါ လမ်းလျှောက်ချီတက်ပွဲကို မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ်မှ ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး မန္တလေးမြို့မှ အလုပ်သမား ၃၀ဝ ခန့် ပါဝက် ချီတက်ခဲ့ကြောင်း သိရသည်။

 

"(၁၂၉ )ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားမှာ ပြည်သူ့အစိုးရကို အလုပ်သမားတွေရဲ့ လိုလားချက်ကို တောင်းဆိုတာပါ'' ဟု  မြန်မာ နိုင်ငံ စက်မှု လက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ကိုသက်နှင်းအောင် က ပြောသည်။

 

လုပ်ခလစာကို တစ်နှစ်လျှင် တစ်ကြိမ် သုံးသပ်ပြင်ဆင်ပေးရေး၊ ILO ပြဌာန်းချက် အမှတ် ၉၈ ကို အစိုး ရမှ လက်မှတ်ထိုးပေးရေး၊ အလုပ်သမားတရားရုံးအမြန်ဆုံး ပေါ်ပေါက်ရေး၊ ခွင့်ရက်နှင့်အလုပ်ပိတ်ရက် နည်းဥပဒေကို အမြန်ပြန်လည်ပြင်ဆင်ပေးရေး၊ အလုပ်သမားသမဂ္ဂ ဖြိုးခွင်းမှုများ ထိရောက်စွာ အရေးယူပေးရေး၊ အလုပ်သမား ဥပဒေရေးဆွဲရာတွင် အလုပ်သမားများ၏  သဘောဆန္ဒ ထည့်သွင်းရေး စသည့်အချက်များကို တောင်းဆိုခဲ့ကြသည်။

 

လမ်းလျှောက်ချီတက်ပွဲကို အစိုးရအဖွဲ့ ခွင့်ပြုချက်တင်ပြခဲ့ပြီး ပြည်ကြီးတံခွန်မြို့နယ် လမ်း ၆၀ ၊ ကျန်စစ်သားလမ်းမှ ကနောင်ခန်းမအထိ လမ်းလျှောက်ချီတက်ခဲ့ကြောင်း သိရသည်။

 

အိမို့မို့ခိုင်