ငါန်းဇွန် ၆ မတ်
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်ရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် မတ်လ ၈ ရက်၌ ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသော မှတ်တမ်းဓာတ်ပုံပြပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
မှတ်တမ်းဓာတ်ပုံပြပွဲကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြု စီမံကိန်းမှ ကြီးမှူး၍ “ခွင့်တူညီရေးစဉ်းစားလို့ စွမ်းရည်မြှင့်ရေး အလေးပေးဖို့ ပြောင်းလဲမှုကို ဖန်တီးစို့” ဟူသော ဆောင်ပုဒ်ဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
အမျိုးသမီးများ၏ ဦးဆောင်ပါဝင်မှု အခန်းကဏ္ဍ အရေးကြီးကြောင်းနှင့် အမျိုးသမီးများ ဦးဆောင်ပါဝင် ဆောင်ရွက်နေမှုများကို အခြားမိတ်ဖက် အဖွဲ့အစည်းများက သိရှိနားလည်လာပြီး စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ချိတ်ဆက်လုပ်ဆောင်မှု ပိုမိုအားကောင်းစေရန် စသည့်အချက်များဖြင့် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ငါန်းဇွန်မြို့နယ် အမျိုးသမီးရေးရာ ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းက ထံမှသိရသည်။
ထို့နောက် ကျေးရွာစီမံကိန်းလုပ်ငန်းများ တက်ကြွစွာ ဆောင်ရွက်နေသော အမျိုးသမီးကိုယ်စားလှယ်လေးဦးက လူထုဗဟိုပြုစီမံကိန်းတွင် ပါဝင်လာပြီး ရင်ဆိုင်ကျော်ဖြတ်ခဲ့ရသော အခက်အခဲများ၊ ဘဝအတွေ့အကြုံများနှင့် ရရှိလာသည့် အောင်မြင်မှုအကြောင်းကို ပြောကြားခဲ့ပြီး ခင်းကျင်းပြသထားသည့် အမျိုးသမီးထု၏ တက်ကြွစွာပါဝင်ခဲ့သည့် သင်တန်းများ၊ အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် လုပ်ငန်းဆောင်ရွက်နေမှု မှတ်တမ်းပုံများကို ကြည့်ရှုခဲ့ကြသည်။
အခမ်းအနားသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း ၂၃၀ ခန့်တက်ရောက် ကြည့်ရှုခဲ့ကြောင်း သိရသည်။
မင်းမြင့်မိုရ်(ငါန်းဇွန်)


