ရန်ကုန် ၊ မေ ၁၈
အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI) Mid-Year-Deals ပရိုမိုးရှင်းကာလ၌ နိုင်ငံ တကာခရီးစဉ်များကို အမေရိကန် ဒေါ်လာ ၆၁ ဒေါ်လာမှစတင်သည့် လေယာဉ် ခနှုန်းထားများဖြင့် ခရီးသွားကာလ မေ ၈ ရက်မှ အောက်တိုဘာ ၂၈ ရက်အထိ နိုင်ငံ တကာခရီးစဉ်သစ်များကို တိုးချဲ့ပျံသန်းပြေးဆွဲသွား မည်ဖြစ်ကြောင်း Myanmar Airways International လေကြောင်းလိုင်းမှ သိရသည်။
အဆိုပါ ပရိုမိုးရှင်းကာလ၌ ရန်ကုန်မြို့မှ အိန္ဒိယနိုင်ငံ ချန်နိုင်းမြို့(MAA)သို့ ၂၀၂၃-ခုနှစ်၊ မေ ၆ ရက်မှစ၍ အပတ်စဉ် ခရီးစဉ်များ စတင်ပျံသန်းပြေးဆွဲသွားမည်ဖြစ် ပြီး စင်္ကာပူ (SIN)၊ ဒူဘိုင်း(DXB)နှင့် အင်ချွန်းမြို့(ICN)များသို့ အကြိမ်ရေတိုးချဲ့ ပြေးဆွဲသွားမည့်အပြင် ရန်ကုန်နှင့် မန္တလေးမှ ထိုင်း နိုင်ငံ ဘန်ကောက်မြို့ရှိ ဒွန်မောင်းလေဆိပ်(DMK)သို့ တစ်ပတ်လျှင် ၅ ကြိမ်ဖြင့် ခရီးစဉ်သစ်များ ကို ပျံသန်းပြေးဆွဲရန် စီစဉ်ထားကြောင်း သိရသည်။
“ခရီးသွားတွေအနေနဲ့ ထင်ရှားတဲ့မြို့တွေဖြစ်တဲ့ဘန်ကောက်၊ စင်္ကာပူ၊ ကွာလာလမ်ပူနဲ့ အသစ်ပြေးဆွဲတဲ့ ဟနွိုင်း၊ ဟိုချီမင်း၊ ဖနွမ်းပင်မြို့များအပါအဝင် MAIရဲ့ နိုင်ငံ တကာခရီးစဉ် ၁၈ ခုမှာ အမေရိကန်ဒေါ်လာ ၆၁ ဒေါ်လာ ကစတင်ပြီးသက်သာတဲ့ နှုန်းထားနဲ့ဝန်ဆောင်မှုပေးထားပါတယ်။ အိန္ဒိယနိုင်ငံ၊ချန်နိုင်းမြို့တိုက်ရိုက်ခရီးစဉ်နဲ့ ဇွန်လ ၁၅ ရက်မှာစတင်မယ့် ဘန်ကောက်မြို့၊ ဒွန်းမောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကို အပတ် စဉ် တစ်ပတ် ၅ ကြိမ် ပျံသန်းပြေးဆွဲသွားမှာပါ။ ခရီးသွားလိုက်ပါမှုအပေါ် အခြေခံပြီး မေလကစတင်ပြီးတော့ စင်္ကာပူ၊ ဒူဘိုင်း အပြည် ပြည်ဆိုင်ရာ လေဆိပ်နဲ့ ဆိုးလ်မြို့ ၊အင်ချွန်းခရီးစဉ်တို့ကို တိုးမြှင့်ပြေးဆွဲသွားဖို့ရှိပါတယ်”ဟု MAIမှ Chief Commercial Officer ဖြစ်သော Mr.Tanes Kumar က ပြောသည်။
ရန်ကုန်-ချန်နိုင်း တိုက်ရိုက်ခရီးစဉ်ကို ၂၀၂၃ ခုနှစ်၊ မေ ၆ ရက်တွင် စတင်ပျံသန်းပြေးဆွဲခဲ့ပြီး နှစ်နိုင်ငံ တိုက်ရိုက်ချိတ်ဆက်ပြေးဆွဲမှုမှ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား စီးပွားရေးနှင့် ယဉ်ကျေးမှု ဖလှယ်ရေးကို အထောက်အကူ ဖြစ်စေလျက်ရှိသည်။ စင်္ကာပူခရီးစဉ်တွင် မေ ၂၉ ရက်မှစတင်၍ အပတ်စဉ် တနင်္လာ နှင့် ဗုဒ္ဓဟူးနေ့တို့တွင် တစ်ပတ်လျှင် ၁၀ ကြိမ်ပြေးဆွဲရာမှ ၁၂ ကြိမ်အထိ တိုးချဲ့ပျံသန်းပြေး ဆွဲသွားမည်ဖြစ်ပြီး ဒူ ဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဇွန် ၁ ရက်မှစတင်၍ အပတ်စဉ် ကြာသာပတေး နေ့တွင် ထပ်တိုးခရီး စဉ်အဖြစ် တစ်ပတ်လျှင် ၂ ကြိမ်ပြေး ဆွဲရာမှ ၃ ကြိမ်အထိ တိုးချဲ့ ပြေးဆွဲသွားမည်ဖြစ်ကာ ဆိုးလ်မြို့ အင်ချွန်း ခရီးစဉ်ကိုလည်း ဇူလိုင် ၂၇ မှစတင်၍ အပတ် စဉ် ကြာသာပတေးနေ့တိုင်း ထပ်တိုးခရီးစဉ်အဖြစ် ၃ ကြိမ်ပြေး ဆွဲရာ မှ ၄ ကြိမ်အထိ တိုးချဲ့ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း MAI အနေဖြင့် ရန်ကုန်နှင့်မန္တလေးကို အခြေပြု၍ နိုင်ငံ အတွင်းရှိမြို့များနှင့် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ စင်္ကာပူနိုင်ငံ၊ မလေးရှား၊ ယူအေအီး၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ တောင်ကိုရီးယားနှင့် ထိုင်ဝမ်တို့ရှိ မြို့ပေါင်း ၂၇ မြို့သို့ A319 လေယာဉ် ၄ စီး၊ A320 လေယာဉ် ၃ စီး၊ E190လေယာဉ် ၃ စီးတို့ဖြင့် ပျံသန်း ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ - ကနူး၊ ညိမ်းသူ ( သတင်းစဉ် )


