နိုင်ငံတကာ ၂၀၂၆ ခုနှစ် နှစ်သစ်ကူးနေ့မှာ ပြောပြလိုတဲ့စကား ရှိပါတယ်။
ဗုဒ္ဓမြတ်စွာသာသနာတော်ရ အဆုံးအမအရ လောကကြီးမှာ ဆင်းရဲမျိုးစုံရှိသလို လောကချမ်းသာမျိုးစုံလည်း ရှိကြပါတယ်။
လောကချမ်းသာမျိုးစုံရဖို့အတွက် ဗဟုသုတရှိကြပါ၊ ဗဟုသုတရှိရင် ပညာဉာဏ်တိုးတယ်၊ ပညာတိုးရင်ချမ်းသာကိုရအောင် ဆောင်ရွက်နိုင်တယ်။ ဒါ့ကြောင့် ဗဟုသုတရှိအောင် ရှာမှီးကြပါ။
ရှေးတုန်းကတော့ တစ်ဆင့်စကားတစ်ဆင့်နားနဲ့ဖြစ်စေ၊ ဆရာသမားတွေ မိဘအဘိုး အဘွားတွေဆုံးမတာကနေ ဗဟုသုတရတယ်၊ ဆရာတော်၊ သံဃာတော်အရှင်မြတ်တွေ ဆုံးမတာကနေ ဗဟုသုတရကြတာပေါ့။
နောက်ကြတော့ ပေစာ၊ ကျမ်းစာ၊ ကျောက်စာတွေ၊ နောက်စာအုပ် တွေကနေ စာတွေကို ဖတ်ကြမှတ်ကြလို့လည်းပဲ ဗဟုသုတတွေတိုးကြတယ်။ ဗဟုသုတတိုးမှလည်း ပညာဉာဏ်တွေ တိုးကြတယ်။
ဗဟုသုတတွေ တိုးလာတဲ့အတွက် ဗဟုသုတဉာဏ်တွေ တိုးတယ်၊ စဉ်းစားတွေးခေါ်တတ်တဲ့ဉာဏ်တွေတိုးတယ်၊ သဘောပေါက်နားလည် ပြီးတော့ အချင်းချင်းနားလည်ပေးနိုင်တဲ့ဉာဏ်တွေ တိုးလာတာပေါ့။
အခုခေတ်နဲ့ ပြောရရင်တော့ အတန်းပညာတွေသင်ကြ၊ အတန်း ပညာတွေထဲမှာ ဗဟုသုတရစရာတွေက အများကြီးပဲ။ လောကမှာ အတွေ့အကြုံတွေထဲက ဗဟုသုတကိုရအောင်ယူကြရသလို အတန်းပညာတွေထဲကလည်း ဗဟုသုတတွေကို ရအောင်ယူကြရတယ်။ Education ပညာရေးဆိုတာက မွေးကတည်းကနေ သေတဲ့အထိ သင်ယူကြရတဲ့ပညာပေါ့။
အတန်းပညာတွေသင်တဲ့အခါ အတတ်ပညာတွေ၊ အသိပညာတွေ တတ်သိလာကြရတယ်။ အဲဒီလို တတ်လာသိလာတဲ့အခါ လုပ်ကိုင်ဆောင်ရွက်တတ်ပြီး လူတော်တွေဖြစ်လာကြသလို အသိပညာတွေ ရလာတဲ့အခါ လူကောင်းတွေ ဖြစ်လာကြတယ်။
အတတ်ပညာသမားတွေကလည်း လူတော်တွေဖြစ်လာပြီး လုပ်ကိုင်ဆောင်ရွက်တာနဲ့ပတ်သက်ပြီး “ကောင်း၏၊ မကောင်း၏၊” “အကျိုး ရှိ၏၊ မရှိ၏၊” နားလည်လာတယ်။ လူကောင်းတွေကြတော့လည်း အကြောင်းအကျိုး၊ အကောင်းအဆိုးတွေကို နားလည်ပြီး လူကောင်း တွေ ဖြစ်လာကြတယ်။
ဗဟုသုတက သင်ယူမှုကနေရရှိတဲ့ အသိပညာ၊ အတတ်ပညာ တွေက နည်းနည်းသိရင် နည်းနည်းသိသလောက်၊ နည်းနည်းတတ်ရင် နည်းနည်းတတ်သလောက်၊ မိမိအတွက်ရော၊ အများအတွက်ရော ကောင်းကျိုးချမ်းသာတွေရအောင် ဆောင်ရွက်နိုင်တယ်။ ကြီးပွား တိုးတက်အောင် ဆောင်ရွက်နိုင်တယ်။
ကြီးပွားတိုးတက် အောင်မြင်ကြတဲ့သူတွေက အသိပညာ၊ အတတ် ပညာတွေ သိသွားတတ်သွား ကြတာကြောင့် မိမိအကျိုးချမ်းသာကိုရော၊ သူများတွေရဲ့ အကျိုးချမ်းသာကိုရော ဆောင်ရွက်နိုင်ကြပါတယ်။
မိမိတို့ ငယ်စဉ်ကတည်းက ဘုန်းဘုန်းတို့အနေနဲ့ ပညာတတ်အောင် သင်ယူဖို့ မိမိတို့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းဖြစ်တဲ့ မျက်စိ၊ နား၊ ပါးစပ်ကို အလကားမထားဘဲ အသုံးပြုခဲ့ကြတယ်။ အဲဒီလိုမျိုးအားလုံးက ပညာတတ်အောင် အသိပညာတိုးအောင် ဆောင်ရွက်ကြစေချင်တယ်။
တတ်နိုင်သမျှ ဆောင်ရွက်ခဲ့ကြတဲ့အခါ “ကြောင်လည်း ကြောင် အထွာ၊ ကျားလည်း ကျားအထွာ”ပေါ့။ အသိပညာ၊ အတတ်ပညာတွေ ရှိသွားရင် လုပ်တတ်ကိုင်တတ်တဲ့အတွက် ကောင်းကျိုးချမ်းသာကို ဆောင်ရွက်နိုင်သလို နားလည်မှုတွေရှိတဲ့အတွက် မည်သူကိုမျှ ပြဿနာဖြစ်အောင် မလုပ်တော့ဘူး။ မိမိကိုယ်တိုင်လည်း ပြဿနာဖြစ်အောင် မနေတော့ဘူး။ ပြဿနာကင်းအောင် နေတတ် ထိုင်တတ် လာတယ်။
အဲဒီလိုအနေနဲ့ လူတိုင်းလူတိုင်းက မိမိနေထိုင်တဲ့ အိမ်၊ ရွာ၊ ရပ်ကွက်၊ မြို့၊ နိုင်ငံ၊ ကမ္ဘာစတဲ့ ပတ်ဝန်းကျင်ကို စွမ်းနိုင်သမျှ ကောင်း အောင် ချမ်းသာအောင် ဆောင်ရွက်ကြစေချင်တယ်။ မိမိတို့ နေထိုင်တဲ့ ဒီလူ့လောကကြီးကိုလည်း မိမိတို့ပဲ ကောင်းမွန်အောင် ချမ်းသာအောင် အကျိုးရှိအောင် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
အဲဒီလို ဆောင်ရွက်နိုင်ဖို့အတွက်ကို အတတ်ပညာရှင် အသိပညာ ရှင်တွေကသာ လုပ်ကိုင်ဆောင်ရွက်နိုင်ကြပါတယ်။ ဒီလိုလုပ်ကိုင်နိုင် ဖို့အတွက် မျက်စိနဲ့ နားကိုအသုံးချပြီး ဗဟုသုတရအောင် သင်ယူကြစေချင်တယ်။ အဲဒီလိုဆောင်ရွက်ခြင်းကို အတ္တဟိတလို့လည်း ခေါ်ပါတယ်၊ ပရဟိတလို့လည်း ခေါ်ပါတယ်။
ဘုန်းတော်ကြီးမြတ်စွာဘုရား မိန့်တော်မူတဲ့ လူသားတွေကျင့်ရမဲ့ ကျင့်စဉ်တရားက ဒါပါပဲ။ ကိုယ့်အကျိုး အများအကျိုးသယ်ပိုးတာက ပါရမီဖြည့်တယ်ဆိုတာပါပဲ။
ယခု နှစ်သစ်ကူးအခါသမယမှာ မိမိကောင်းကျိုး၊ အများကောင်းကျိုး၊ မိမိနိုင်ငံကောင်းကျိုး၊ တစ်ကမ္ဘာလုံးကောင်းကျိုးအတွက် ဆောင်ရွက်နိုင်အောင် အသိဉာဏ်ပညာမျိုးစုံကိုရရှိအောင် စတင်ဆောင်ရွက်ကြရင်းနဲ့ မိမိသူတစ်ပါး အားလုံးအတွက် ကောင်းကျိုးချမ်းသာမျိုးစုံရကြရအောင် ဆောင်ရွက်နိုင်ကြတဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါစေ။


