ရန်ကုန် ၂၄ ဧပြီ
အပူဒဏ်ကြောင့် အသက်အန္တရာယ်ဆုံးရှုံးနိုင်သည့် (Heat Stroke) ရောဂါမျိုး ဖြစ်ပေါ်လာပါက အချိန်မီကုသနိုင်ရန် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကြိုတင်ပြင်ဆင်မှု များပြုလုပ်ထားကြောင်းရန်ကုန်ပြည်သူ့ဆေးရုံကြီးအပူပိုင်းနှင့်ကူးစက်ရောဂါ ပညာဌာနမှ သိရသည်။
''နွေရာသီရောက်တိုင်းအပူဒဏ်ကြောင့် (Heat Stroke) ရောဂါဖြစ်တဲ့ လူနာ တွေကို အချိန်မီကုသနိုင်ဖို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ နှစ်စဉ်နှစ်တိုင်း ပြင်ဆင်မှုတွေ ပြုလုပ်ထားပါတယ်။ ဒီနှစ်လည်းနေရာထိုင်ခင်း၊ ဆေးဝါးနဲ့ ကုသရာမှာအသုံးပြုမယ့် အထောက်အကူပြုပစ္စည်းတွေကိုလည်း အဆင်သင့်ပြုလုပ်ထားပါတယ် '' ဟု ရန်ကုန် ပြည်သူ့ဆေးရုံကြီးအပူပိုင်းနှင့် ကူးစက်ရောဂါပညာဌာနမှပါမောက္ခဌာနမှူး ဒေါက်တာ မိုးမိုစမ်းက ပြောသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဧပြီ ၂၂ ရက်က (Heat Stroke) ကြောင့် ရောဂါ ဖြစ်ပွားပြီးဆေးရုံတက်ရောက်သည့် လူနာတစ်ဦးရှိကြောင်းရန်ကုန်ပြည်သူ့ဆေးရုံကြီးအပူပိုင်းနှင့် ကူးစက်ရောဂါ ပညာဌာနမှ သိရသည်။
"၂၀၁၈ခုနှစ်မှာတော့ လူနာမရှိခဲ့ဘူး။ ဒီနှစ်မှာတော့ အပူဒဏ်ကြောင့်(Heat Stroke) လူနာတစ်ယောက် ဆေးကုသမှုခံယူနေပါတယ်။ အခုလောလောဆယ် ဒီလူနာ ကိုရောဂါအခြေအနေအရ ICU ထဲမှာထားပြီး လိုအပ်တဲ့ဆေးဝါးကုသမှုတွေ ပေးထားပါ တယ်။ လူနာကအသက် ၄၀ ဝန်းကျင်ရှိတဲ့ အမျိုးသားလူနာဖြစ်ပါတယ် ’’ ဟု ပါမောက္ခဌာနမှူး ဒေါက်တာမိုးမိုစမ်းကပြောသည်။
အပူဒဏ်ကြောင့် (Heat Stroke)ရောဂါဖြစ်ပေါ်ပါက ခန္ဓာကိုယ်တွင်း အပူချိန်သည် ၄၀ ဒီဂရီဆယ်လ်ဆီးရပ် (သို့မဟုတ်) ၁၀၄ ဒီဂရီဖာရင်ဟိုက်နှင့် အထက် မြင့်တက်လာပြီးအရေပြားပူပြီးခြောက်သွေ့နေကြောင်း၊ ဦနှောက်နှင့် အာရုံကြောဆိုင်ရာ လက္ခဏာများအဖြစ် တက်ခြင်း၊ ဂယောင်ဂတန်းဖြစ်ခြင်း၊ မှိန်းနေခြင်းနှင့် နောက်ဆုံး အဆင့်အနေဖြင့် သတိလစ်ခြင်းများဖြစ်ပေါ်ပြီးအဆိုပါရောဂါလက္ခဏာများပြလာပါက အသက်ဆုံးရှုံး နိုင်သည့်အတွက် နီးစပ်ရာဆေးရုံသို့ အချိန်မီပြသရန် လိုအပ်ကြောင်း အပူပိုင်းနှင့်ကူးစက်ရောဂါ ပညာဌာနမှ သိရသည်။
’’ အပူဒဏ်ကြောင့် (Heat Stroke) ရောဂါဖြစ်ပြီဆိုရင် နီးစပ်ရာ ဆေးရုံတွေကိုအမြန်ဆုံးသွားရောက်ဖို့လိုပါတယ်။ ဆေးရုံမှာအတွင်းလူနာအဖြစ် တက်ရောက်ပြီး စမ်းသပ်စစ်ဆေးမှုတွေလုပ်ပြီးကုသရမှာဖြစ်တဲ့အတွက်ကြောင့် ဒီအခြေ အနေမှာတော့ ဆေးရုံကိုပို့ဖို့အမြန်ဆုံးလိုအပ်ပါတယ်။ ဆေးရုံပို့တဲ့အခါမှာလည်း လမ်းခရီး ကြန့်ကြာနေတဲ့အချိန်မှာသတိမလစ်သေးဘူး ဆိုရင် အရည်နဲ့ဆားဓာတ်တွေ ပြန်ဖြည့် တင်းဖို့လိုအပ်တယ်။ အေးတဲ့အ ဝတ်တွေနဲ့ ရေပတ်တိုက်ပေးဖို့လိုအပ်တယ် ’’ ဟုပါမောက္ခဌာနမှူး ဒေါက်တာ မိုးမိုစမ်းကပြောသည်။
အပူဒဏ်ကြောင့်ဖြစ်သည့် (Heat Stroke)ရောဂါသည် သက်ကြီးရွယ်အိုများ နှင့်ကလေးငယ်များ၊ နာတာရှည် နှလုံးရောဂါ၊ အဆုတ်ရောင်ရောဂါ၊ ကျောက်ကပ် ရောဂါ ရှိနေသူများ၊ နမိုးနီးယားကြောင့်ဖျားနေသူများ၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း ကြောင့်ဖျားနေသူများ၊ တုပ်ကွေးကြောင့်ဖျားနာနေသူများ၊ နေရောင်အောက် တွင် အချိန် ကြာမြင့်စွာအလုပ်လုပ်ကိုင်နေသူများနှင့်အရက်နှင့် မူးယစ်ဆေးဝါးသုံးစွဲ သူများတွင် အဓိက ဖြစ်ပွားတတ်ကြောင်းသိရသည်။
ကျန်မားရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့်လည်းပြည်သူများအသက်အန္တရာယ်ဖြစ်နိုင်သည့် (Heat Stroke)ရောဂါ ကာကွယ်နိုင်ရန် လမ်းညွန်ချက်များ အချိန်နှင့်တစ်ပြေးညီထုတ်ပြန်ထားပြီး ၂၀၁၉ခုနှစ်တွင်အပူဒဏ်အန္တရာယ်နှင့်ပတ် သက်ပြီးအခြေခံကျန်းမာရေးဝန်ထမ်းများလိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွန် များလည်းထွက်ရှိပြီဖြစ်ကြောင်းသိရသည်။
(သတင်း-သီသီမင်း၊မင်းသစ်/ဓာတ်ပုံ-နေလင်း)


