ဇင်းကျိုက်  ၃၀  ဧပြီ

ယခုနှစ်အတွင်း အပူရှိန်မြင့်တက်မူများကြောင့် မွန်ပြည်နယ် ဇင်းကျိုက်မြို့၏ ကျက်သရေဆောင် အထင်ကရနေရာ တစ်ခုဖြစ်သော မင်္ဂလာကန်တော်ကြီးအတွင်း၌ ရေများလျော့နည်းလာခြင်းနှင့် ကြုံတွေ့နေရပြီး ကန်အတွင်းရှိငါးများ သေဆုံးမည်ကို စိုးရိမ်လျက်ရှိကြောင်း သိရသည်။

“ယခင်နှစ်တွေထက် ဒီနှစ်ဟာ အပူချိန်မြင့်တက်ခြင်းနှင့် ကြုံတွေ့နေရတာပါ။ ကန်အတွင်းမှာလည်း ရေကလျော့နည်းလာပြီ။ ၂၀၁၇ ခုနှစ်၊ ဧပြီလတုန်းကတစ်ကြိမ် ငါးများသေဆုံးမှု ဖြစ်ခဲ့တယ်။ ၂၀၁၈ ခုနှစ် အောက်တိုဘာလတုန်းက တစ်ကြိမ် သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။ ဒါပေမဲ့ ဒီလောက်အထိ အပူချိန်မမြင့်ဘူး။ ရေလည်း မလျော့နည်းသေးပါဘူး။ ကန်အတွင်းမှာတော့ ယခုအချိန် ကာလအထိတော့ ငါးများသေဆုံးခြင်းကို မတွေ့ရသေးကြောင်း၊ ရှေ့ဆက်အပူချိန် မြင့်တက်လာပါက ငါးများသေဆုံးမည်ကို စိုးရိမ်မိပါတယ်”  ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ မင်္ဂလာကန်တော်ကြီးအတွင်း ငါးမျိုးစုံကို ဘေးမဲ့လွှတ်ထားပြီး ယခုလို အပူချိန်မြင့်တက်မှု ဖြစ်စဉ်များကြောင့်လည်း ကန်အတွင်းရှိ ငါးများ သေဆုံးမည်ကို ဒေသခံများက စိုးရိမ်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

နေခြည် (ဇင်းကျိုက်)