မန္တလေး ၂ မေ 

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ပုလဲငွေရောင်ရပ်ကွက်အတွင်းရှိ ၈၁ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ ဗောင်းတော်ကျဘုရားရှေ့တွင် အပူရှိန်မြင့်မားမှုကို ကာကွယ်ရန် ယနေ့ ညနေ ၄ နာရီခွဲက မိုးခေါ်လွန်ဆွဲပွဲများ ကျင်းပခဲ့သည်။

အဆိုပါလွန်ဆွဲပွဲအား ဗောင်းတော်ကျဘုရားဂေါပကအဖွဲ့နှင့် ပုလဲငွေရောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးအဖွဲ့တို့မှ ပူးပေါင်းစီစဉ် ကျင်းပခြင်းဖြစ်ပြီး အပူရှိန်လွန်ကဲ၍ မိုးခေါင်သည့် နှစ်များတွင် မိုးရွာသွန်းစေသော ရိုးရာနည်းလမ်းဖြင့် ယခုကဲ့သို့ စတုတ္တအကြိမ်မြောက်အဖြစ် ယုံကြည်စွာ စီစဉ်ဆောင်ရွက်ကြကြောင်း သိရသည်။

 

mdn

 

''လွန်ဆွဲတော့မယ်ဆိုရင် ပထမဦးဆုံး လယ်တီဆရာတော်ဘုရားကြီး စီရင်ထားတဲ့ မိုးအမိန့်တော်ပြန်တမ်းကြီးကို ရွတ်ဆိုရပါတယ်။ ပြီးရင် မိုးခေါင်ကျော်စွာနတ်ကို ပင့်ဖိတ်ပြီးမှ လွန်ဆွဲပွဲကို စတင်ရပါတယ်။ လွန်ဆွဲတဲ့အခါမှာလည်း အမျိုးသားနဲ့ အမျိုးသမီး တစ်ဖက်စီ မိုးခေါ်လွန်ဆွဲပွဲ သံချပ်တွေ အပြိုင်ရွတ်ဆိုပြီး မိမိတို့အဖွဲ့ အနိုင်ရဖို့အတွက် ဆွဲကြရပါတယ်။ လွန်ဆွဲသူအချင်းချင်း ညာသံပေးပြီး အော်ဟစ်သံတွေ၊ ပရိသတ်တွေရဲ့ အားပေးသံတွေနဲ့ အလွန်စည်ကား ပျော်ရွှင်စရာကောင်းတဲ့ ရိုးရာဓလေ့တစ်ခုပေါ့ဗျာ'' ဟု လွန်ဆွဲပွဲ ကျင်းပရေးအဖွဲ့ဝင် ဦးခင်မောင်စိုးက ပြောသည်။

 

mdn

 

လွန်ဆွဲပွဲကို မေ ၂ ရက်မှ ၄ ရက်အထိ သုံးရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ပြီး နံနက်ပိုင်းတွင် ငါးရံမင်းကြီးအား ရပ်ကွက်အတွင်း လှည့်လည်အပူဇော်ခံကာ ငါးရံမင်းပရိတ်တော်ကြီအား ရွတ်ဖတ်ပူဇော်ကြကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)၊ ဓာတ်ပုံ - အောင်ဖြိုးကျော်