မော်လမြိုင်ကျွန်း ၃ မတ်
၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုရန် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့် လက်မှတ်ရရှိထားသူ အမှတ် ၂၂၊ ကံ့ကော်လမ်း အမှတ် ၁၀ ရပ်ကွက် မော်လမြိုင်ကျွန်းမြို့နေသူ ဦးသိန်းညွန့် ၇၃ နှစ်သည် ဇွဲမလျှော့သေးဘဲ တက္ကသိုလ်ဝင်စာမေးပွဲကို ကြိုးစားဖြေဆိုရန် စာကျက်မှတ်နေသူဖြစ်သည်။
၎င်းသည် မော်လမြိုင်ကျွန်းမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲကို ၁၉၇၀ ပြည့်နှစ်နှင့် ၁၉၇၁ ခုနှစ်တို့တွင် နှစ်နှစ်ဆက်တိုက်ဖြေဆိုခဲ့ရာ ကျရှုံးသဖြင့် ပြင်ပဖြေအဖြစ် ဆက်လက်ဖြေဆိုခဲ့ရာ ၂၀၁၈ ပြည့်နှစ်အထိ နှစ်ပေါင်း ၄၈ နှစ်တိုင် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျရှုံးခဲ့သည်။
ယခု ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဝိဇ္ဇာဘာသာတွဲ အတွဲ(၂)၊ ခုံနံပါတ် အက-၃၁၃၀ ဖြင့် ဝင်ရောက်ဖြေဆိုရန် အဆင်သင့်ဖြစ်နေပြီး ဖြေဆိုရမည့် မြန်မာစာ၊ သင်္ချာ၊ ပထဝီ၊ အင်္ဂလိပ်၊ သမိုင်းနှင့် ဘောဂဗေဒဘာသာရပ်များကို အချိန်ဇယားဆွဲ၍ နေ့စဉ်ကြိုးစားကျက်မှတ် လျက်ရှိသည်။
"ကျွန်တော်က ဇနက္ကထုံးနှလုံးမူပါတယ်။ ရည်မှန်းချက်ထားပြီး အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ ပြီးဆုံးသည့်တိုင် ဇွဲမလျှော့ဘဲ ကြိုးစားလုပ်ပါတယ်။ အခုနှစ်ဖြေဆိုလို့ မအောင်သေးရင်လည်း လာမယ့်နှစ်တွေမှာ ကျန်းမာရေးကောင်းတဲ့အချိန်ထိ တက္ကသိုလ်ဝင်စာမေးပွဲကို ဆက်ဖြေဆိုသွားမှာပါ"ဟု ၎င်းက ပြောသည်။
မော်ကျွန်း-မြင့်အောင်


