ပုလဲ ၃ မတ် 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊   အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ မတ် ၁ ရက် နံနက် ၉ နာရီခွဲက အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခြေခံအိမ်တွင်းမှု သင်တန်းအမှတ်စဉ်(၃၉)နှင့် အဆင့်မြင့်စက်ချုပ် သင်တန်းအမှတ်(၃၅) သင်တန်းဆင်းပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

 

2255

 

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး ဦးအောင်တင်ကျော်က ပုလဲမြို့ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းကို  ၂၀ဝ၅ ခုနှစ်မှ စတင်၍ ဖွင့်လှစ်ပေးခဲ့ပြီး အခြေခံအိမ်တွင်းမှု သင်တန်းအမှတ်စဉ်(၁)မှ အမှတ်စဉ်(၃၉)အထိ သင်တန်းသူ ၁၉၉၃ ဦး၊ အဆင့်မြင့် စက်ချုပ်သင်တန်းအမှတ်စဉ်(၁)မှ အမှတ်စဉ်(၃၅)အထိ သင်တန်းသူ ၅၄၁ ဦး၊ ကြိမ်/ဝါးသင်တန်းသူ ၂၅ ဦး စုစုပေါင်း သင်တန်းသူ ၂၅၅၉ ဦး မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊ အောင်မြင်စွာဖြင့် သင်တန်းဆင်းသူများထဲမှ စက်ချုပ်လုပ်ငန်းလုပ်ကိုင်သူ ၆၉၄ ဦး၊ အထည်ချုပ်စက်ရုံများတွင် အလုပ်လုပ်ကိုင်သူ ၁၇၁ ဦး၊ မုန့်လုပ်ငန်းလုပ်ကိုင်သူ ၁၀ ဦး  ရှိကြောင်း လေ့လာသိရှိရသည့်အတွက် သင်တန်းကျောင်း၏ ရည်ရွယ်ချက်များ အောင်မြင်သည်ဟု ယူဆရမှာဖြစ်ကြောင်း၊ နိုင်ငံတော်က ရည်ရွယ်ချက် ကြီးမားစွာဖြင့် ငွေကြေးအကုန်အကျခံ၍ ဖွင့်လှစ်ပေးနေသော သင်တန်းများဖြစ်ခြင်းကြောင့် သင်တန်းသူများ အနေဖြင့် နိုင်ငံတော်၏ စေတနာကို နားလည်သဘောပေါက်ပြီး   လက်တွေ့နယ်ပယ်များမှာ အတတ်ပညာရပ်များကို အမြဲတမ်း လေ့လာတီထွင်ပြီး အသုံးချ ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။  

 

ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး ဦးအောင်တင်ကျော်က အခြေခံအိမ်တွင်းမှုသင်တန်းတွင် ထူးချွန်ဆုရရှိသော ဖောင်းပြင်မြို့နယ်၊ ကွန်းတောကျေးရွာနေ မဆုမွန်အောင်အား စက်ချုပ်စက်တစ်လုံးကို လည်းကောင်း၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးတိုးတိုးဝင်းက အဆင့်မြင့်စက်ချုပ်သင်တန်းတွင် ထူးချွန်ဆုရရှိသော ဟုမ္မလင်းမြို့နယ်၊ ရာလားတီးကျေးရွာနေ မဆန်းချိုအား စက်ချုပ်စက် တစ်လုံးကို လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့သည်။

 

ထိုနောက် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းဝင်းက သင်တန်းဆင်းအောင်လက်မှတ်များကို    ပေးအပ်ခဲ့ပြီး သင်တန်းသူများ (ကိုယ်စား) ကန့်ဘလူမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာနေ မစိုးသန္တာထွန်းက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

 

အဆိုပါ အခြေခံအိမ်တွင်းမှု သင်တန်းအမှတ်စဉ်(၃၉)သို့ သင်တန်းသူ ၆၀ ဦးနှင့် အဆင့်မြင့်စက်ချုပ် သင်တန်းအမှတ်(၃၅)သို့ သင်တန်းသူ ၂၂ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ရက်သတ္တပတ် ၁၄ ပတ် ကြာမြင့်ခဲ့ကြောင်း သိရသည်။


မင်းခန့်စိုး(ဇေယျာမြေ)