ရန်ကုန် နိုဝင်ဘာ ၆

 

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ် အမျိုးသား သွေးဌာနတွင် ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ (၃၇)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စုပေါင်သွေးလှူဒါန်းနေမှုကို ကြည့်ရှုအားပေးသည်။

 

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် တိုင်းဒေသကြီး အတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အမျိုးသမီးရေးရာ အဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်းတို့မှ စုစုပေါင်း ၁၃၅ ဦး တို့က သွေးလှူဒါန်းနေမှု အခြေ အနေများကို ကြည့်ရှုအားပေးကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြား၍ သွေးလှူရှင်များအား အာဟာရ ဖြည့်စွက်စာများ ပေးအပ်သည်။

 

အဆိုပါ သွေးများကို အမျိုးသား သွေးဌာနတွင် ထိန်းသိမ်းထားရှိကာ အကြောင်းအမျိုးမျိုးကြောင့် ထိခိုက် ဒဏ်ရာရရှိသူများ၊ ခွဲစိတ်ကုသမှု ခံယူသူများ၊ သွေးရောဂါဝေဒနာရှင်များ၊ ကင်ဆာရောဂါ ဝေဒနာရှင်များအပြင် လိုအပ်သည့် နေရာများသို့ အချိန်မီပေးပို့နိုင်ရေးကို တာဝန်ရှိသူများက ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

ဇွဲထက်ကို(ပြန်/ဆက်)