နေပြည်တော် နိုဝင်ဘာ ၅

 

နိုဝင်ဘာ ၇ ရက်တွင် ကျရောက်မည့်(၃၇)နှစ် မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီရုံး  ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများ၊ နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ကြသည်။

 

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက နိုင်ငံတော်နှင့် ပြည်သူများက အားထားရသည့် အုပ်ချုပ်ရေး ဌာနကြီးတစ်ခုအဖြစ် အခိုင်အမာဆက်လက်ရပ်တည်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း အမှာစကားပြောကြားသည်။

 

ထို့နောက် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)၌ ဖွင့်လှစ်သည့် အရာထမ်းငယ် အခြေခံ သင်တန်းတွင် စံပြဆုရရှိခဲ့သည့် ဝန်ထမ်းအား ဂုဏ်ပြုဆု၊ ဝန်ထမ်းများအတွက် ဝတ်စုံများနှင့် ဂုဏ်ပြုဆုငွေများ  ပေးအပ်ချီးမြှင့်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏  သမိုင်းကြောင်းမှတ်တမ်း ဗီဒီယိုကို ကြည့်ရှုအားပေးသည်။

 

ယင်းနောက် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ လမ်းပိုင်းများ နိုင်လွန်ကတ္တရာခင်းနေမှု၊ လမ်းဘေးဝဲ/ယာ သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်နေမှုနှင့် လယ်ဝေးမြို့နယ်အတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လမ်းပိုင်းများ ပြန်လည်ပြုပြင်နေမှု၊ နိုင်လွန်ကတ္တရာခင်းနေမှု၊ လမ်းလယ်ကျွန်းများ ပြန်လည်ပြုပြင်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

 

နိုဝင်ဘာ ၄ ရက်က နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ် သစ်တောကျေးရွာ၌  သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူများနှင့်တွေ့ဆုံ၍ သဘာဝမြေဩဇာကို တောင်သူများကိုယ်တိုင်ပြုလုပ်သုံးစွဲရေး၊ သဘာဝမြေဩဇာပြုလုပ်နည်းကို တောင်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် အသိပညာပေးရေး၊ နိုင်ငံတော်မှ သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးပေးသော ဓာတ်မြေဩဇာများကို အမှန်တကယ်လိုအပ်သော တောင်သူများ လက်ဝယ်သို့ရောက်ရှိရေး၊  တစ်နှစ်သုံးသီးရာသီပြည့် စိုက်ပျိုးနိုင်ရေး၊ မျိုး၊ မြေ၊ ရေ၊ နည်း စိုက်နည်းစနစ်မှန်ကန်ရေး၊ မျိုးစေ့ချကိရိယာ ကောက်စိုက်စက်များဖြင့် စိုက်ပျိုးနိုင်ရေး၊ မျိုးကောင်း မျိုးသန့်ရရှိရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားသည်။

 

ဆက်လက်၍ သဘာဝမြေဩဇာနှင့်  နေကြာမျိုးစေ့၊ သဘာဝမြေဩဇာများနှင့် အောင်နိုင်တိုးမျိုး စပါးများကို တောင်သူများထံ ပေးအပ်ပြီး တောင်သူများ၏ တင်ပြချက်များအပေါ်  နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ကို(ပုဗ္ဗသီရိ)