မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာများသည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ပန်းတော်ပြင်ကျေးရွာအုပ်စုရှိ ဥယျာဉ်ကျေးရွာ၌ စိုက်ပျိုးမှုကုန်ကျစရိတ်သက်သာ၍ ပြည်ပဝယ်လိုအားကောင်းသော ပဲစင်းငုံကို ဧက ၂၀ ခန့် စိုက်ပျိုးထားကြောင်း သိရသည်။

 

ပဲစင်းငုံကို မေလတွင် စတင်စိုက်ပျိုးပြီး ခြောက်လခန့်အကြာတွင် ရိတ်သိမ်းရကြောင်း၊ ပဲစင်းငုံကို သီးထပ်သီးညှပ်စိုက်ပျိုးမှုနှင့် သီးသန့်စိုက်ပျိုးမှုဟူ၍ စိုက်ပျိုးကြပြီး ပဲစင်းငုံအနီမျိုးများကို ထွန်ကြောင်းဆွဲ အစေ့ချစနစ်ဖြင့် သီးညှပ်စိုက်ပျိုးထားရှိကြောင်း၊ ကုန်ကျစရိတ်အနေ ဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် ငွေကျပ် တစ်သိန်းခန့် ကုန်ကျကြောင်း၊ ယခင်နှစ်အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ပဲစင်းငုံ ၁၀ တင်းခန့် ထွက်ရှိခဲ့ကြောင်း၊ ဈေးကွက် အနေဖြင့် အထက်မင်းလှမြို့ပေါ်ရှိ ပဲပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ ယခုအချိန်တွင် ပဲစင်းငုံ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး သီးနှံထွက်ပေါ်ချိန်တွင် အထွက်နှုန်းနှင့်ဈေးနှုန်းများ ကောင်းမွန်ပါက အကျိုးအမြတ်များ ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း ပဲစင်းငုံစိုက်တောင်သူတစ်ဦးထံမှ သိရသည်။

DOCA (မကွေး)