ပုဂံ ၂၉ ဧပြီ
၂၀၁၉ ခုနှစ် အဋ္ဌမတန်းလူရည်ချွန် ကျောင်းသား ကျောင်းသူများသည် ကြီးကြပ်သူ ဆရာ ဆရာများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ မြနန်းစံကျော် ရွှေနန်းတော်အား လေ့လာကာ မဟာမြတ်မုနိဘုရားအား ဖူးမြော်ကြည်ညိုကြပြီး ညနေပိုင်းတွင် ပုဂံလူရည်ချွန်စခန်းသို့ ရောက်ရှိကြသည်။
အဋ္ဌမတန်း လူရည်ချွန် ကျောင်းသား ကျောင်းသူ ၁၇၈ ဦးသည် ယနေ့နံနက်ပိုင်းတွင် ကြီးကြပ်သူ ဆရာ ဆရာမများနှင့်အတူ မန္တလေးစုရပ်မှ စတင်ထွက်ခွာ၍ မန္တလေးမြို့ရှိ မြနန်းစံကျော်ရွှေနန်းတော်အား လေ့လာကြသည်။ ထို့နောက် မဟာမုနိဘုရားအား ဖူးမြော်ကြည်ညိုကြပြီး ကြီးကြပ်သူ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ စုပေါင်း၍ မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့ဥက္ကဋ္ဌထံ အလှူငွေကျပ် ၆၅၅၅၀ဝ အား ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဥက္ကဋ္ဌက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ထို့နောက် ကြီးကြပ်သူ ဆရာ ဆရာမများနှင့် အဋ္ဌမတန်းလူရည်ချွန်အဖွဲ့သည် ညနေပိုင်းတွင် ပုဂံလူရည်ချွန်စခန်းသို့ ရောက်ရှိကြရာ လူရည်ချွန်စခန်းမုခ်ဦးရှေ့၌ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများက သပြေပန်းများဖြင့် လည်းကောင်း၊ ပုဂံမြို့သစ်မှ မြင့်တေးဂီအဖွဲ့က ဦးရွှေရိုးအကဖြင့် လည်းကောင်း ကြိုဆိုကြသည်။
ပုဂံလူရည်ချွန်စခန်းသို့ အပန်းဖြေလေ့လာရေးခရီး ရောက်ရှိနေကြသည့် အဋ္ဌမတန်း ကျောင်းသား ကျောင်းသူများအတွက် မေ ၁ ရက်တွင် လူရည်ချွန်စခန်းဖွင့်လှစ်ပြီး မေ ၄ ရက်တွင် စခန်းသိမ်းပွဲ ကျင်းပမည်ဖြစ်သည်။ မေ ၂ ရက်မှ ၅ ရက်အတွင်း ပုပ္ပားတောင်၊ ပခုက္ကူပခန်းကြီးနှင့် ပုဂံဒေသအတွင်းရှိ အထင်ကရနေရာများအား အပန်းဖြေလေ့လာနိုင်ရန်အတွက် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။
စခန်းအသီးသီးမှ လူရည်ချွန်လူငယ်များသည် လူရည်ချွန်ဟောင်းကြီးများနှင့် တွေ့ဆုံခြင်း၊ တစ်ဦးချင်းအလိုက် အတွေ့အကြုံများ ဖလှယ်ခြင်းတို့ကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုမင်း


