ကြို့ပင်ကောက် ၂၅ ဧပြီ
ကြို့ပင်ကောက်မြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသဦးကြီးများ၏ လယ်ယာထွက်ကုန်များကို ဈေးကွက်အတွင်းသို့ အချိန်မီ တင်ပို့နိုင်ရေးအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်လျက်ရှိသော အုန်းနှဲကျောတန်း အောင်ချမ်းသာ ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့်အဖွဲ့သည် ဧပြီလ ၂၄ ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကုန်ထုတ်လမ်းအား တာဝန်ယူဆောင်ရွက်နေသော ရှင်မင်းလှိုင်ကုမ္ပဏီမှ ဒါရိုက်တာ ဒေါ်စိုးစိုးယုက ကျေးရွာလမ်းကော်မတီနှင့်ပူးပေါင်းကာ လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့်အစီအစဉ် များကို ပွင့်လင်းမြင်သာစွာ ချပြဆွေးနွေးပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
အဆိုပါ အုန်းနှဲကျောတန်း အောင်ချမ်းသာ ကုန်ထုတ်လမ်းကို မြေသားထု ၁ ပေ၊ မြေနီထု ၉ လက်မ၊ လမ်းအကျယ် ၁၈ ပေ၊ စုစုပေါင်းအရှည်ပေ ၅၈၀၈ ပေဖြင့် ၂၀၁၉ ခုနှစ် စက်တင်ဘာလကုန်တွင် အပြီးဆောင်ရွက်သွားမည်ဖြစ်ရာ ကျေးရွာ ၃ ရွာမှ တောင်သူများ၏ စိုက်ပျိုးဧက ၅၀ဝ မှ လယ်ယာထွက်ကုန်များကို အချိန်မီ သိမ်းဆည်းနိုင်ပြီး ဈေးကွက်သို့ အချိန်နှင့်တပြေးညီ တင်ပို့ရောင်ချနိုင်မည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာအေး ကပြောသည်။
ဇေယျာထွန်း (ကြို့ပင်ကောက်)


