ရေနံချောင်း ၅ မတ် 


ရေနံချောင်းမြို့နယ် အုတ်ရှစ်ကုန်းကျေးရွာ၌ မတ် ၃ ရက်က ဆိုလာပြား အပူလွန်ကဲရာမှတဆင့် မီးလောင်ကျွမ်းခဲ့သော မီးဘေးသင့်အိမ်ထောင်စုများအား မကွေးတိုင်းဒေသကြီး ကြက်ခြေနီအသင်း၏ အစီအစဉ်ဖြင့် ရေနံချောင်းမြို့နယ် ကြက်ခြေနီအသင်းမှ ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲကို ယနေ့နံနက် ၈ နာရီက အဆိုပါကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့သည်။


အဆိုပါပေးအပ်ပွဲတွင် ရေနံချောင်းမြို့နယ် ကြက်ခြေနီကော်မတီဥက္ကဌ ဦးကျော်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများက အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ပစ္စည်း ၃၃ မျိုးအား မီးဘေးသင့် အိမ်ထောင်စု ၆ စုအတွက် စုစုပေါင်း ၁,ဝ၀၈,ဝ၀ဝ ကျပ်တန်ဖိုးရှိ ထောက်ပံ့ပစ္စည်းများပေးအပ်ရာ မီးဘေးသင့်အိမ်ထောင်စုဝင်များက လက်ခံရယူခဲ့ကြောင်း သိရသည်။


ထောက်ပံ့ပစ္စည်း ပေးအပ်ပွဲသို့ အုတ်ရှစ်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် မီးဘေးသင့်အိမ်ထောင်စုဝင်များ၊ ဒေသခံပြည်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


ကိုစိုးကြီး(ပြန်/ဆက်)