နေပြည်တော် နိုဝင်ဘာ ၆

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် ယနေ့နံနက်ပိုင်း က ဘားအံမြို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ဘားအံ၊ လှိုင်းဘွဲ၊ သံတောင်ကြီးမြို့နယ် အတွင်းရှိ ကျေးရွာလေးရွာမှ ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံပြီး ဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းဆိုင်ရာများကို ရှင်းလင်း ပြောကြားကာ ကျေးရွာလေးရွာအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်  ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) ရန်ပုံငွေကျပ် သိန်း ၆၀၀ ပေးအပ်သည်။

 

ထို့နောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဖွင့်လှစ်လျက်ရှိသည့် အဆင့်မြင့် အပ်ချုပ်စက်သင်တန်းမှ သင်တန်းသူ ၂၀ ကို တွေ့ဆုံ အားပေးစကားပြောကြားကာ သင်ထောက်ကူပစ္စည်းများ ပေးအပ်သည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာနအောက် ဦးစီးဌာနလေးခုမှ ခရိုင်၊ မြို့နယ် အဆင့်ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဝန်ကြီးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များနှင့် အညီ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်မြင့်မားရေး ဦးစီးဌာနအချင်းချင်း ချိတ်ဆက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စေတနာထား ဆောင်ရွက်ကြရန်၊ ဒေသနှင့် ကိုက်ညီသော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများ ဖွင့်လှစ်ရန်နှင့် ဌာနအလိုက် ဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းများ သတ်မှတ်အချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်ရန် မှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်