ဘားအံ ၂၂ ဧပြီ
ထာဝရငြိမ်ချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်များ၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်များ ပင့်ဆောင်ပူဇော်ခြင်း အထိမ်းအမှတ် ထာဝရငြိမ်းချမ်းရေးဓမ္မသဘင်ကို ယနေ့ည ၇ နာရီ ၄၅ မိနစ်က ကရင်ပြည်နယ် ဘားအံမြို့ရှိ သေဋ္ဌမာန်အောင်ဘုရားကြီးရင်ပြင်တွင် ကျင်းပရာ ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိကက နိဗ္ဗာန်ရောက်ကြောင်း တရားဒေသနာတော်ကို ဟောကြား ချီးမြှင့်သည်။
ထာဝရငြိမ်းချမ်းရေးဓမ္မသဘင်သို့ ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌဦးစောချစ်ခင်၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဝတ်အသင်းအဖွဲ့များ ၊အလှူရှင်များနှင့် ဘားအံမြို့နယ်ရှိ တရားချစ်ခင်သူတော်စင်များတက်ရောက်၍ ငြိမ်းချမ်းရေး တရားတော်ကို နာယူကြည်ညိုကြသည်။
ယနေ့နံနက် ၅ နာရီက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့် ဆင့်များအား ထားဝယ်မြို့ လောကမာရဇိန်ဘုရားကြီးဓမ္မာရုံ၌ ဆရာတော်သံဃာတော်များက ဘုရားအနေကဇာတင်ကြပြီး တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဦးခင်မောင်အေး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး ချုပ်ဦးတင်အောင်၊ တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ဝင်များ၊ ဝတ်အသင်းအဖွဲ့များက လောကမာရဇိန်ဘုရားကြီးမှ ထားဝယ်မြို့အား လှည့်လည်၍ မြို့အထွက်တိုးဂိတ်သို့ ပင့်ဆောင်ပူဇော်သည်။
ထိုမှတဆင့် ကရင်ပြည်နယ် ဘားအံမြို့သို့ရောက်ရှိရာ ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ကရင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဦးစောစံလင်း၊ ပြည်နယ်လွှတ် တော် ဒုတိယဥက္ကဋ္ဌဒေါ်နန်းသူဇာဝင်း၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဝတ်အသင်းအဖွဲ့များ ကြိုဆိုပင့်ဆောင်ကြသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ထာဝရငြိမ်းချမ်းရေးရရှိရန်၊ ထေရဝါဒဗုဒ္ဓသာသနာ အဓွန့်ရှည် ထွန်းကား ပြန့်ပွားစေရန်နှင့် ခုနစ်ရက်သားသမီးများ ဖူးမြော်ပူဇော်နိုင်ရန် ရည်မှန်းကာ ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ထာဝရငြိမ်းချမ်းရေး စေတီတော်အား တည်ထားကိုးကွယ် လျက်ရှိပြီး စေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်များ၊ ရတနာ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်များအား တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၁ ခုသို့ ဒေသစာရီ လှည့်လည်အပူဇော်ခံလျက်ရှိသည်။
ဟန်လင်းနိုင်


