ဘားအံ ဇူလိုင် ၃၁

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ်ဝန်ကြီးများသည် ယနေ့မွန်းလွဲပိုင်းက ဘားအံမြို့ပေါ်ရှိယာယီ ရေဘေးကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့်ပြည်သူ များအား သွားရောက်တွေ့ဆုံ အားပေး၍ ဆန်ရိက္ခာဖိုးငွေနှင့် စားသောက်ကုန်ပစ္စည်းများ ချီးမြှင့် ပေးအပ်သည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘားအံမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း မြကြေးမုံဆောင် ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းရှိ ရေဘေးသင့် ပြည်သူများကို သွားရောက် တွေ့ဆုံအားပေး၍ ဆန်ရိက္ခာဖိုးငွေနှင့် စားသောက် ကုန်ပစ္စည်းများ ပေးအပ်ချီးမြှင့်ကာ အဆိုပါ ရေဘေးကယ်ဆယ် ရေးစခန်း၌ အမှတ်(၂)တပ်မတော် ဆေးရုံ ခုတင် (၁၀၀)၊ ဘားအံ တပ်နယ် နယ်လှည့်ဆေးကုသရေးအဖွဲ့နှင့် ပြည်နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနတို့မှ ပြောင်းရွှေ့နေထိုင်သော ရေဘေးသင့် အိမ်ထောင်စုများကို လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးသည်။

 

ထို့နောက် ဘားအံမြို့ အမှတ် (၅)အခြေခံပညာ အထက်တန်း ကျောင်းခန်းမ၌ ရေဘေးသင့် ပြည်သူများကို ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြား၍ ဆန်ရိက္ခာဖိုးငွေနှင့် စားသောက်ကုန် ပစ္စည်းများ ပေးအပ်ချီးမြှင့်ပြီး ဘားအံမြို့ ရွှေယဉ်မျှော် ပြည်တော်ဧ စေတီတော် အောင်ချမ်းသာ မြတ်စွာဘုရား ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ယာယီရေဘေး ကယ်ဆယ်ရေး စခန်းရှိ ရေဘေးသင့်ပြည်သူများကို တွေ့ဆုံအားပေးစကားများ ပြောကြားကာ ဆန်ရိက္ခာဖိုးငွေနှင့် စားသောက်ကုန်ပစ္စည်းများ ပေးအပ်ချီးမြှင့်သည်။

 

အဆိုပါ ယာယီရေဘေး ကယ်ဆယ်ရေး စခန်းများရှိအိမ်ထောင်စု စုစုပေါင်း ၅၈၁ စု၊ လူဦးရေ ၂၇၉၀ အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ချီးမြှင့်သော ဆန်ရိက္ခာနှင့် ခေါက်ဆွဲခြောက်ဖိုးငွေများ ပေးအပ်ချီးမြှင့်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန အနေဖြင့် ရေဘေးစတင်ဖြစ်ပွားချိန်မှ ယနေ့အချိန်ထိ အိမ်ထောင်စု ၁၈၃၄ စု၊ လူဦးရေ ၉၁၉၁ ဦး အတွက် ဆန်ရိက္ခာနှင့် ခေါက်ဆွဲခြောက်ဖိုး ငွေကျပ် ၄၆၇၄၈၂၅ဝ ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)