ဘိုကလေး ၅ မေ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် “တော်ဝင်ရွှေလက်” လူမှုရေးအသင်းအဖွဲ့မှ မြို့နယ်တွင်းရှိ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးဆိုင်ရာ ကိစ္စရပ်များတွင် အခက်အခဲရှိသူများအား စဉ်ဆက်မပြတ် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ တော်ဝင်ရွှေလက်အဖွဲ့ စတင်တည်ထောင်ခဲ့သည့် ကာလမှာ (၃)နှစ်နီးပါး ရှိပြီဖြစ်ပြီး အဆိုပါကာလအတွင်း ကျန်းမာရေး၊ ပညာရေးကဏ္ဍများတွင် ပါဝင်လှူဒါန်းခဲ့သည်မှာ ကျပ်သိန်း (၁၅၀)ကျော်ပြီဖြစ်ကြောင်း၊ တစ်လလျှင် (၃၀ဝ၀)ကျပ်နှုန်းဖြင့် အဖွဲ့သို့ပါဝင်လှူဒါန်းသူ အဖွဲ့ဝင် (၂၀ဝ)ကျော်ရှိကြောင်း အဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။
အဆိုပါ အဖွဲ့အနေဖြင့် ဘိုကလေးမြို့နယ် ခုတင်-၁၀ဝ ဆေးရုံ ဆေးလူမှုဆက်ဆံရေးဌာနမှ ဆက်သွယ်ပေးလာသော နွမ်းပါးသည့်လူနာများအား ကူညီလှူဒါန်းပေးခြင်း၊ ပညာရေးကဏ္ဍတွင်လည်း ငွေကြေးချို့တဲ့သည့် ကျောင်းသားများအား ပညာသင်စရိတ် ထောက်ပံ့ပေးခြင်း၊ လိုအပ်လျက်ရှိသည့် စာသင်ကျောင်းများတွင်လည်း စာသင်ခုံများ၊ ကျောင်းသုံးရေကန်များ လှူဒါန်းပေးလျက်ရှိကြောင်းနှင့် အဖွဲ့ရေရှည်တည်တံ့ခိုင်မြဲရေး၊ ထိရောက်သော ကူညီမှုများ ဆက်လက်ဆောင်ရွက်နိုင်ရန် အသင်းအဖွဲ့ မှတ်ပုံတင်လျှောက်ထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မိုးစက်


