မြိတ်  ၂၇  ဧပြီ  

 

မြန်မာနိုင်ငံတွင် လျောင်းတော်မူဘုရားများ၌ အကြီးဆုံးစာရင်းဝင်ဖြစ်သော မြိတ်မြို့တစ်ဖက်ကမ်းရှိ အတုလရံသီ ရွှေသာလျောင်းဘုရားကြီးကို စေတနာရှင် အလှူရှင် (၂၀ဝ)ဦးခန့် လှူဒါန်းပါဝင်မှုဖြင့် ဘက်စုံပြုပြင် မွမ်းမံပြီးစီးခဲ့ရာ ရေစက်ချ အလှူတော်မင်္ဂလာကို မေလ (၅) ရက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

1

 

အတုလရံသီ ရွှေသာလျောင်းဘုရားကြီးကို မြိတ်မြို့တဖက်ကမ်း ကျွန်းစုမြို့နယ် ပထက်ကျေးရွာ ပထက်တောင်ကမ်းခြေတွင် (၁၉၅၅) ခုနှစ်၌ မြန်မာနိုင်ငံ၏ ပထမဆုံး ခေါင်းပွသံကူကွန်ဂရစ် နည်းပညာဖြင့် စတင်တည်ထား ပူဇော်ခဲ့ကြပြီး ဉာဏ်တော်အလျား (၂၁၆)ပေ၊ အမြင့် (၅၇)ပေရှိကာ ပလ္လင်တော်အလျားမှာ (၂၂၅) ပေရှိ၍ တောင်ခြေရေကမ်းစပ်တွင် ထူးခြားစွာ တည်ထားကိုးကွယ်ထားသည့် တစ်ဆူတည်းသော လျောင်းတော်မူဘုရားဖြစ်ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။

 

1

 

“ရွှေသာလျောင်းဘုရားကြီးက မြိတ်ရဲ့ ကျက်သရေဆောင် ဘုရားကြီးဖြစ်ပါတယ်။ (၂၀၁၇)နှစ်ကုန်ပိုင်းကစပြီး ရွှေသာလျောင်းဘုရားကြီး ဘက်စုံပြုပြင် မွမ်းမံတည်ဆောက်ရေး ကော်မတီဖွဲ့စည်းပြီး ပြုပြင်လာခဲ့ပါတယ်။ အဲဒီမတိုင်မီ တန်ဆောင်းတွေမရှိဘူး။ တန်ဆောင်းတွေပြန်ပြင်တယ်၊ ရေကာတံတိုင်းတွေ တံတားတွေ၊ သံဃာတော်တွေ နားနေနိုင်မည့်နေရာတွေ၊ သန့်စင်ခန်းတွေအပါအဝင် တောင်နံရံကာ တံတိုင်းတွေ ပြုလုပ်ခဲ့ပါတယ်။

 

1

 

ဘုရားကြီးရဲ့ ရုပ်ထုတော်ကြီးကို မွမ်းမံပြင်ဆင်တဲ့ အစိတ်အပိုင်းတွေ အများကြီး ပြုလုပ်ခဲ့ပါတယ်။  ခန့်မှန်းကုန်ကျစရိတ်ကတော့ ကျပ်သိန်း (၁၅၀ဝ၀) ခန့်ကို စေတနာရှင် အလှူရှင်ပေါင်း (၁၉၀) ကျော်လှူဒါန်း ပါဝင်ခဲ့ကြပြီး ဘက်စုံပြုပြင်မွမ်းမံမှုကို ပြုလုပ်ခဲ့ပါတယ်” ဟု ရွှေသာလျောင်းဘုရားကြီး ဘက်စုံပြုပြင်မွမ်းမံ တည်ဆောက်ရေးကော်မတီ အတွင်းရေးမှူး ဦးမျိုးအောင်က ပြောသည်။

 

အတုလရံသီရွှေသာလျောင်း ရုပ်ပွားတော်မြတ်ကြီးနှင့် ရင်ပြင်တော်၊ တန်ဆောင်းတော်များ ဘက်စုံပြုပြင် မွန်းမံပြီးစီး၍ ရေစက်ချ အလှူတော်မင်္ဂလာ စည်ကားသိုက်မြိုက်စွာ ကျင်းပရေးအတွက် ဧပြီ (၂၇) ရက် နံနက်ပိုင်းက ဘုရားရင်ပြင်တွင် မြိတ်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဘုရားကြီးပြုပြင် မွန်းမံရေးကော်မတီအဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ဝင်များ၊ မြိတ်မြို့နယ်မှ ပရဟိတအသင်းအဖွဲ့များက ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

 

ရေစက်ချအလှူတော်မင်္ဂလာကို ဆရာတော် သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ် (၄၀ဝ၀) ခန့် ဖိတ်ကြားထားကာ နံနက် (၉)နာရီတွင်  ရေစက်သွန်းချ အမျှပေးဝေမည်ကြမည်ဖြစ်ပြီး  ရေစက်ချအလှူ လာရောက်ကြမည့်  ဧည့်ပရိတ်သတ်များကို  နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။ ဧည့်ပရိတ်သတ်များသောကြောင့် ကျန်းမာရေးစောင့်ရှောက်မှုများပါ စီစဉ်ဆောင်ရွက်ထားရှိပြီး ရေစက်ချ အလှူတော်မင်္ဂလာကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

ခိုင်ထူး (မြိတ် ပြန်/ဆက်)