ရန်ကုန် နိုဝင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် မဟာပုည ဝိဟာရ(ဗီယက်နမ်) ကျောင်းတိုက်တွင် ဗီယက်နမ်-မြန်မာ ချစ်ကြည်ရေး သာသနာပြုလုပ်ငန်းစဉ်အရ ဗီယက်နမ်နိုင်ငံတွင် သွန်းလောင်းထုလုပ် ပူဇော်အပ်သော ဉာဏ်တော်အမြင့် ၁၉ ပေရှိ ထိုင်တော်မူ ကြေးသွန်း ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ အစိတ်အပိုင်းများအား တပ်ဆင်ပူဇော်ခဲ့ရာ ယနေ့နံနက်ပိုင်းက ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဦးခေါင်းတော်တပ်ဆင်ရန်အတွက် အန္တရာယ်ကင်း ပရိတ်တရားတော်များ နာကြားခဲ့သည်။
ဦးစွာ ဆရာတော်သံဃာတော်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မြန်မာနိုင်ငံရောက် ဗီယက်နမ် နိုင်ငံသားများက နမောတဿသုံးကြိမ်ရှိခိုး ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် ပိဋကသုံးနိကာယ်စာသင်တိုက်ကြီး၏ ဦးစီးပဓာန ရွှေရတုတိပိဋကဓရ တိပိဋကကောဝိဒ တိပိဋကပါဠိပါရဂူ ဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ မော်ကျွန်းဆရာတော် ဘဒ္ဒန္တ သီလက္ခန္ဓာဘိဝံသ ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်၍ ဆရာတော်၊ သံဃာတော်များက အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ခဲ့သည်။
ဆက်လက်၍ ပွင့်လင်းဆရာတော် ဘဒ္ဒန္တ ပညိန္ဒိက ထိုင်တော်မူ ကြေးသွန်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ သမိုင်းကြောင်း အကျဉ်းချုပ်နှင့် ဘုရားကြီးအား ပင့်ဆောင်ပူဇော်ခဲ့သော မဟာပုညဝိဟာရ (ဗီယက်နမ်) ကျောင်းတိုက်ဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘန္ဒန္တဝိမလ ဗီယက်နမ် ဆရာတော်၏ စိတ်အားထက်သန်မှုတို့ကို ရှင်းလင်းပြောကြား၍ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ် ဘုရားကန်တော့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အခမ်းအနားသို့ ဗီယက်နမ်နိုင်ငံ စစ်သံမှူး Mr.Dao Van Duy၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ နည်းပညာအကြံပေး ဦးဌေးလင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရောက် ဗီယက်နမ်နိုင်ငံသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဖြိုးစန္ဒာ(ပြန်/ဆက်)


