၅ ဖေဖော်ဝါရီ
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒိုမိနစ် ရာ့ဘ် သည် ဥရောပသမဂ္ဂပြင်ပနိုင်ငံများနှင့် ဆက်ဆံရေး ပိုမိုအားကောင်းလာစေရန် အာရှ-ပစိဖိတ် လေးနိုင်ငံသို့ လာမည့်ရက်အနည်းငယ်အတွင်း သွားရောက်မည်ဖြစ်သည်။
ရာ့ဘ်သည် ဩစတြေးလျ၊ ဂျပန်၊ စင်္ကာပူ နှင့် မလေးရှာနိုင်ငံများသို့ လာမည့်ကြာသပတေးနေ့မှစတင်ကာ သွားရောက်မည် ဖြစ်ကြောင်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ဇန်နဝါရီ ၃၁ ရက်နေ့တွင် ဥရောပသမဂ္ဂမှ ထွက်ခွာခဲ့ပြီးနောက် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ပြည်ပသို့ သွားရောက်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်။
၎င်းသည် ဩစတြေးလျနိုင်ငံမှတစ်ဆင့် ဂျပန်နိုင်ငံသို့ စနေနေ့တွင် ရောက်ရှိမည် ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီး တိုရှီမစ်ဆု မိုတီဂီ နှင့် ပတ်ဝန်းကျင်ရေးရာ ဝန်ကြီး ရှင်ဂျီရို ကိုဇူမီ တို့နှင့် တွေ့ဆုံမည် ဖြစ်သည်။
ဗြိတိန်သည် ဥရောပသမဂ္ဂ ပြင်ပနိုင်ငံများ၊ နယ်မြေများနှင့်အတူ ဂလိုဘယ်လ်ဗြိတိန် ရည်မှန်းချက်ကို အောင်မြင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ ယင်းသို့လာရောက်ခြင်းဖြင့် ကုန်သွယ်မှုနှင့်စီးပွားရေးဆိုင်ရာ ဆက်သွယ်မှုများ ပိုမိုခိုင်မာစေပြီး သမိုင်းကြောင်းအရ ဆက်ဆံရေး ပိုမိုနက်ရှိုင်းစေမည်ဟု မျှော်လင့်ရသည်။
ဗြိတိန်သည် အထူးသဖြင့် ဂျပန်၊ ဩစတြေးလျနိုင်ငံတို့နှင့် အမြန်ဆုံး လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်ရရှိရန် စိတ်အားထက်သန်နေသည်။
ကုလသမဂ္ဂရာသီဉတုဆိုင်ရာ ညီလာခံကို နိုဝင်ဘာလတွင် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည့် ဗြိတိန်နိုင်ငံအနေဖြင့် ရာသီဉတုပြောင်းလဲခြင်းကဲ့သို့သော ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး ထိုလေးနိုင်ငံနှင့် အမြင်ချင်းဖလှယ်ရန်ကိုလည်း ရာ့ဘ်က စီစဉ်ထားသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


