လွိုင်ကော် ၂၀ မေ     

ကယားပြည်နယ် လွိုင်ကော်မြို့ ကိန္နရာလွိုင်ကော်ဟိုတယ်၌ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်တု ကိစ္စဖြေရှင်း ညှိနှိုင်းဆွေးနွေးတွေ့ဆုံပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပသည်။

ရှေးဦးစွာ    ပြည်နယ်အစိုးရအဖွဲ့က စတင်ရှင်းလင်းဆွေးနွေး၍ တက်ရောက်လာကြသော အဖွဲ့များမှ အဖွဲ့လိုက် ဆွေးနွေးတင်ပြခဲ့ကြပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြကာ နံနက်ပိုင်းအစီအစဉ်ကို ခေတ္တရပ်နားခဲ့သည်။

မွန်းလွဲ ၁ နာရီခွဲတွင် တွေ့ဆုံညှိနှိုင်းပွဲ ဒုတိယပိုင်း ကျင်းပပြီး သဘောထားစုစည်းချက်များဖြစ်သည့် ပြည်နယ်အစိုးရအဆိုပြုသော နည်းလမ်း(၂)ရပ်နှင့် ကရင်နီပြည်လူငယ်များ အင်အားစုသပိတ်ကော်မတီ အဆိုပြုသော နည်းလမ်း(၂)ရပ်တို့ကို မှတ်သားရယူ၍  သဘောတူညီချက်များအဖြစ် (၁)ဗိုလ်ချုပ်အောင်ဆန်းကြေး ရုပ်တုကိစ္စ နှစ်ဦးနှစ်ဖက်လက်ခံနိုင်သော ဖြေရှင်းချက်ရရှိရေး ငြိမ်ချမ်းစွာဆွေးနွေး ညှိနှိုင်းကြရန် သဘောတူသည်။ (၂) နှစ်ဖက်အဆိုပြုနည်းလမ်းများကို ယူဆောင်၍ပြန်လည်သုံးသပ်ကာ ၂၀၁၉ ခုနှစ်၊ ဧပြီလ မကုန်မီ လေးပွင့်ဆိုင်ပြန်လည်တွေ့ဆုံ၍ အားလုံးလက်ခံနိုင်သော ဖြေရှင်းချက်ရရှိရေး အပြီးသတ်ဆွေးနွေး ညှိနှိုင်းရန် သဘောတူညီခဲ့ကြသည်။

ထို့နောက် တွေ့ဆုံညှိနှိုင်းပွဲနှင့်ပတ်သက်၍ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးညီညီမင်းနှင့် ကရင်နီပြည်လူငယ်များအင်အားစုသပိတ်ကော်မတီမှ ခွန်းသောမတ်စ် တို့က မီဒီယာများတွေ့ဆုံပြီး  သိရှိလို သည်များကို    ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြကြောင်းသိရသည်။  
     
အဆိုပါ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲအခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီး ဦးမော်မော်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးညီညီမင်း၊ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ဦးစီး အဖွဲ့ဝင်(၂)ဦးနှင့် ငြိမ်းချမ်းရေးကော်မရှင် အထောက်အကူပြုအဖွဲ့ဝင် ဦးကျော်လင်းဦး၊ ဗိုလ်ချုပ်မြင်းစီးကြေးရုပ် ဖြစ်မြောက်ရေးကော်မတီ ဦးဝင်းအောင် ဦးစီး အဖွဲ့ဝင်(၄)ဦး၊ ကရင်နီပြည်လူငယ်များအင်အားစုသပိတ်ကော်မတီ ခူးကြူးဖဲကေး ဦးစီး အဖွဲ့ဝင်(၆)ဦး၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ ခူးညေးရယ် ဦးစီး အဖွဲ့ဝင်(၃)ဦး၊ အသိသက်သေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဒေါ်ခင်စည်သူနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခူးသဲရယ်၊ အကျိုးဆောင်(၄)ဦး တို့တက် ရောက်ကြသည်။

လွိုင်ကော်သား