ရန်ကုန် နိုဝင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူးပြီး ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း အောင်ကျော်ခန်းမ၌ ကျင်းပသည်။
ဟောပြောဆွေးနွေး
ထိုသို့ဆောင်ရွက်ရာတွင် ဗိုလ်တထောင်မြို့နယ် ရေသန့်တာဝန်ခံ ဒေါ်ထွေးထွေးတင့်က ရေနှင့်သန့်ရှင်းမှုဆိုင်ရာအကြောင်း သိကောင်းစရာများနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဟေမာဇော်က ပတ်ဝန်းကျင်တွင် ရေမသန့်ရှင်းမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ရောဂါအန္တရာယ်များမှ ကင်းဝေးရန်အတွက် သန့်ရှင်းစွာ နေထိုင်မှုစနစ်များကို ဟောပြောဆွေးနွေးကြသည်။
ထို့နောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ညွန့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့် တာဝန်ရှိသူများက အမှတ်(၁)ရပ်ကွက် မီးပြဝင်းအတွင်း ရေဖြန့်ဝေပေးနေသည့် ရေလှောင်ကန်များနှင့် ရေငုတ်များအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ခင်ဝင်း(ပြန်/ဆက်)


