စာဆိုဗိမာန်တည်ဆောက်ပြီးစီးပါက အတွင်းပိုင်းအခန်းများ ပြင်ဆင်ရေးအတွက် ညှိနှိုင်းစည်းဝေး

 

ရန်ကုန် ဇူလိုင် ၂၆

 

စာဆိုဗိမာန်အဆောက်အအုံတွင် ခင်းကျင်းပြသမှုဆိုင်ရာ စိစစ်အတည်ပြုအဖွဲ့ဥက္ကဋ္ဌ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် စာဆိုဗိမာန်တည်ဆောက်ပြီးစီးပါက အတွင်းပိုင်းအခန်းများ ပြင်ဆင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

 

အစည်းအဝေးသို့ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ စာဆိုဗိမာန် အဆောက်အအုံတွင် ခင်းကျင်းပြသမှုဆိုင်ရာ စိစစ်အတည်ပြုအဖွဲ့ အဖွဲ့ဝင်များဖြစ်ကြသည့် မြန်မာ နိုင်ငံ စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူ-မောင်နိုင်မိုး)၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ မြန်မာ နိုင်ငံသဘင်အစည်းအရုံး(ဗဟို)နှင့် မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို) မှ တာဝန်ရှိသူများ၊ စာပေဗိမာန် စာတည်းမှူးချုပ်နှင့် ပြင်ပလုပ်ငန်း ရှင်များ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက အိန္ဒိယနိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်နေသော စာဆိုဗိမာန်ကို ယခုနှစ်ကုန်ခန့်တွင် ပြီးစီးရန်လျာထားဆောင်ရွက် လျက်ရှိကြောင်း၊ တည်ဆောက် ပြီးစီးပါက အခန်းများတွင် လိုအပ်သည့် ပြင်ဆင်ခင်းကျင်းမှုများ ပြုလုပ်၍ ဖွင့်ပွဲကျင်းပသွားရန် ရှိကြောင်း၊ ထို့ကြောင့် အချိန်မီကြိုတင်ပြင်ဆင်နိုင်ရေး ကဏ္ဍအလိုက် စီစဉ်ဆောင်ရွက်နိုင်ကြ ရန်လိုကြောင်း၊ အခန်းအနေအထားအရ ခင်းကျင်းပြသသင့်သည့် အချက်အလက်များကို ကြိုတင်စုဆောင်း စီစဉ်ပြီး အတည်ပြုပြီးပါက မိမိတို့ဝန်ကြီးဌာနက စုစည်းပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေး​ပြောကြားသည်။

 

ထို့နောက် တက်ရောက်လာကြသည့် စာဆိုဗိမာန်အဆောက်အအုံတွင် ခင်းကျင်းပြသမှုဆိုင်ရာ စိစစ်အတည်ပြုအဖွဲ့ အဖွဲ့ဝင်များနှင့် ပြင်ပလုပ်ငန်းရှင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

 

သတင်းစဉ်