ရန်ကုန် ၅ မေ

စားမြုံ့ပြန်သတ္တဝါမွေးမြူရေးတွင် Fermented Total Mixed Ration ကျွေးမွေးခြင်းနှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲများကို ရန်ကုန်နှင့် မန္တလေးမြို့များတွင် ကျင်းပသွားမည်ဖြစ်ကြောင်း  မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်ထံမှ သိရသည်။

မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် အနေဖြင့် ထိုင်းနိုင်ငံ မွေးမြူရေးဖွံ့ဖြိုးတိုးတက်မှု ဦးစီးဌာန (Department of Livestock Development)၊ ထိုင်းနိုင်ငံ တိရစ္ဆာန်အာဟာရဗေဒ ပညာရှင်များအဖွဲ့ (Thai Society of Animal Nutritionists – Thai SAN)၊ Thai – Danish Suan Madua Dairy Cooperative (SMD – COOP)၊ မြန်မာနိုင်ငံ နို့လုပ်ငန်းအသင်း (Myanmar Dairy Association - MDA) တို့နှင့် ပူးပေါင်းကာ စားမြုံ့ပြန်သတ္တဝါမွေးမြူရေးတွင် Fermented Total Mixed Ration ကျွေးမွေးခြင်းနှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲများကို ကျင်းပသွားမည် ဖြစ်ကြောင်း၊ အလုပ်ရုံ ဆွေးနွေးပွဲများကို မြန်မာနိုင်ငံအောက်ပိုင်းမှ မွေးမြူရေးသမားများအတွက် ရန်ကုန်မြို့တွင် မေ ၂၁ ရက်၌လည်းကောင်း၊ မြန်မာနိုင်ငံ အထက်ပိုင်းမှ မွေးမြူသူများအတွက် မန္တလေးမြို့တွင် မေ ၂၃ ရက်၌လည်းကောင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျွဲ၊ နွား၊ သိုး၊ ဆိတ် အစရှိသည့် စားမြုံ့ပြန်သတ္တဝါများ မွေးမြူရာတွင် တိရစ္ဆာန်၏ အသက်အရွယ်နှင့် ထုတ်လုပ်မှုအလိုက် လိုအပ်သည့် အာဟာရဓာတ်များကို တွက်ချက်ကာ ယင်းလိုအပ်ချက်ကို ပြည့်မီစေမည့် အစာဖော်မြူလာကို တွက်ထုတ်ပြီး အစာနု၊ အစာကြမ်း အစာအမယ်အားလုံးကို ရောမွှေကာ ထုတ်လုပ်ထားသည့် အစာကို Total Mixed Ration ဟု ခေါ်ဆိုခြင်းဖြစ်ကြောင်း၊ ထိုင်းနိုင်ငံမှ အသေးစား နွားမွေးမြူသူများအနေဖြင့် လွန်ခဲ့သည့် ၅ နှစ်မှ စတင်ကာ Total Mixed Ration (TMR) ကို အသုံးပြုခဲ့ကြပြီး မွေးမြူသူများအတွက် အကျိုးအမြတ်များစွာ ဖြစ်ထွန်းသည်ကို တွေ့ရှိခဲ့ရပြီးဖြစ်ကြောင်း၊ သို့ဖြစ်၍ ထိုင်းနိုင်ငံ၏ အတွေ့အကြုံကောင်းများအား မြန်မာ့မွေးမြူသူများက လေ့လာနိုင်ရန်အတွက် “FTMR Feeding to Enhance Dairy Productivity of Myanmar Smallholder Farms” အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်ထံမှ သိရသည်။

အလုပ်ရုံဆွေးနွေးပွဲတွင်  မြန်မာနိုင်ငံ၏ နို့စားနွားမွေးမြူရေး၊ နို့ထုတ်လုပ်ရေး အခြေအနေများနှင့် တိရစ္ဆာန်အစာအရင်းအမြစ်များ၊ ထိုင်းနိုင်ငံ၏ နို့စားနွားမွေးမြူရေး၊ နို့ထုတ်လုပ်ရေး အခြေအနေများ၊ တိရစ္ဆာန်အစာ အရင်းအမြစ်များနှင့် နို့စားနွားမွေးမြူရေးတွင် ပြောင်းလဲတိုးတက်လာသည့် အစာကျွေးမွေးမှုစနစ်များ၊ TMR နှင့် FTMR တို့ ကျွေးမွေးခြင်းဖြင့် နို့ထုတ်လုပ်မှုနှင့် အရည်အသွေး မြှင့်တင်ခြင်း၊ TMR ကျွေးမွေးခြင်းဖြင့် မွေးမြူရေးခြံ၏ စီးပွားရေးအကျိုးအမြတ်အပေါ် သက်ရောက်မှုများနှင့် နို့စားနွားမွေးမြူရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် မွေးမြူသူများ အစုအဖွဲ့ ဖွဲ့စည်းလုပ်ကိုင်ခြင်း၏ အရေးပါပုံ၊ ထိုင်းနိုင်ငံ နို့စားနွားမွေးမြူရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အစာကြမ်း(forage) စိုက်ပျိုးထုတ်လုပ်ရေး၏ အရေးပါပုံနှင့် တိုးတက်ပြောင်းလဲမှုများကို ဆွေးနွေးဟောပြောသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်ထံမှ သိရသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ မွေးမြူသူများ (အထူးသဖြင့် နို့စားနွား၊ အသားစားနွား၊ ကျွဲ၊ သိုး၊ ဆိတ် မွေးမြူသူများ)၊ တိရစ္ဆာန်အာဟာရဗေဒ စိတ်ဝင်စားသူများ၊ မွေးမြူရေးပညာရှင်များ၊ တိရစ္ဆာန်ဆေးကု ဆရာဝန်များ အခမဲ့ တက်ရောက်ဆွေးနွေးနိုင်မည်ဖြစ်ကာ တက်ရောက်လိုသူများ အနေဖြင့် မေ ၁၀ ရက်နေ့ နောက်ဆုံးထား၍ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ် ဖုန်း- ဝ၁၃- ၆၄၄၀၄၁၊ ဝ၁၃- ၆၄၄၈၄၃၊ ဝ၉ ၄၂၁၀ဝ၆၂၃၉ သို့ ရုံးချိန်အတွင်း စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။ 

ငြိမ်းငြိမ်း