နေပြည်တော် ၂၉ ဧပြီ
စာပေဆိုင်ရာ လှုပ်ရှားမှုများအတွက် ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ် အမှတ် (၂၁၂) သိမ်ဖြူလမ်းရှိ ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ရုံးချုပ်၏ အစည်းအဝေးခန်းမကို အခမဲ့ ငှားရမ်းအသုံးပြုနိုင်ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးခန်းမတွင် စာအုပ်မိတ်ဆက်ပွဲများ၊ စာပေဆွေးနွေးပွဲများ၊ စာပေဟောပြောပွဲများနှင့် စကားဝိုင်းများ စသည့် စာပေဆိုင်ရာလှုပ်ရှားမှုများ ကျင်းပနိုင်ရန်အတွက် စကားပြောစင်မြင့်၊ အသံစနစ်နှင့် နေရာထိုင်ခင်းများကို သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းက ပြင်ဆင်ဆောင်ရွက်ပေးထားသည်။
“ခန်းမက လူဦးရေ ၃၀ဝ ဝင်ဆန့်ပါတယ်။ လာမယ့် မေလဆန်းကစပြီး ခန်းမကို လတ်တလောမှာ အခမဲ့ငှားရမ်းအသုံးပြုနိုင်ဖို့ စီစဉ်ပေးထားပါတယ်။ စာပေဆိုင်ရာ လှုပ်ရှားမှုတွေအတွက် အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ချက်နဲ့ ဒီလိုစီစဉ်ပေးတာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်နိုင်ဖို့အတွက် ခန်းမထဲမှာ အဲကွန်းတွေ၊ အသံဆိုင်ရာတွေနဲ့ နေရာထိုင်ခင်းတွေကို စီစဉ်ပေးထားပါတယ်” ဟု သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမှ မန်နေဂျာ(ထုတ်လုပ်) ဒေါ်ဖြူဖွေးသန့်စင်က ပြောပြသည်။
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ(၂) ဦးထက်မြက်က “ခန်းမအသုံးပြုခွင့်ကို ကြိုဆိုပါတယ်။ စာပေသမားတွေ သိရှိအောင် ကျယ်ကျယ်ပြန့်ပြန့် အသိပေးသင့်ပါတယ်။ စာတမ်းဖတ်ပွဲတွေကိုလည်း ခွင့်ပြုပေးစေလိုပါတယ်” ဟု အဆိုပါ အစည်းအဝေးခန်းမ အခမဲ့အသုံးပြုခွင့်ပြုမည့် သတင်းနှင့်ပတ်သက်၍ မှတ်ချက်ပြုသည်။
အစည်းအဝေးခန်းမကို ငှားရမ်းအသုံးပြုလိုပါက အသုံးပြုမည့်သူ / အဖွဲ့အစည်းအမည်၊ အသုံးပြုလိုသည့် အကြောင်းအရာ၊ အသုံးပြုမည့် နေ့ရက်နှင့် တက်ရောက်မည့် ခန့်မှန်းအင်အားတို့ကို သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းသို့ သုံးရက်ကြိုတင် စာရင်းပေးသွင်းနိုင်ပြီး သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမှ ရန်ကုန်တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးလှရွှေ ဖုန်း ဝ၉-၂၅၀၁၈၉၂၇၇၊ ဒေါ်ဖြူဖွေးသန့်စင် (မန်နေဂျာ- ထုတ်လုပ်) ဖုန်း ဝ၁-၂၀၁၁၉၂၊ ဝ၉-၂၅၀ဝ၆၄၅၉၉ တို့ထံ ဆက်သွယ်၍ ငှားရမ်းအသုံးပြုနိုင်ကြောင်း သိရသည်။
(သတင်းစဉ်)


