မြိတ် ၄ မတ် 

 

မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် တခြားမြို့များမှ စိုက်ပျိုးကုန်သီးနှံများနှင့် သားငါးများကို လက်ကားဝယ်ယူ ဖြန့်ဖြူးရောင်းချသည့် မြိတ်မြို့၊ ကန်ဖျားရပ်ကွက်ရှိ ကုန်စိမ်းဈေးကို ရှမ်းချောင်းရပ်ကွက်သို့ ပြောင်းရွှေ့ဖွင့်လှစ်နိုင်ရန် မတ် ၃ ရက် မွန်းလွဲ ၁ နာရီက မြိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် ဈေးသူဈေးသားများ  မြိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

အဆိုပါဈေးသည် အခြေခံပညာကျောင်းနှင့် ကပ်လျက်ရှိသဖြင့် ဈေးမှထွက်သည့် အနံ့ဆိုးများကြောင့် စာသင်ကလေးငယ်များအတွက် ကျန်းမာရေးအန္တရာယ်ရှိသည့်အပြင် သီးနှံများအား တင်သွင်းလာသည့် ကုန်တင်ကားများကြောင့် နေ့စဉ်ယာဉ်ကြော ရှုပ်ထွေးမှုများ ကြုံတွေ့နေရသဖြင့် ရပ်ကွက်နေပြည်သူများနှင့် ကျောင်းသားမိဘများက  ဈေးကို ပြောင်းရွှေ့ဖွင့်လှစ်ပေးရန် လွန်ခဲ့သည့်နှစ်များကတည်းက ဆန္ဒသဘောထားများ တင်ပြထားခဲ့ကြောင်း၊ တိုင်းဒေသကြီးလွွှတ်တော်တွင် တင်ပြဆွေးနွေးချက်အရ ကန်ဖျားရပ်ကွက်မှ ကလွင်ကျေးရွာအုပ်စု ရှမ်းချောင်းရပ်ကွက်သို့ ပြောင်းရွှေ့ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်ခဲ့ရာ ယခုအခါ ဈေးအသစ်မှာ ရေ/မီးအစုံဖြင့် အပြည့်အဝ တည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း မြိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုမှ ပြောသည်။

 

ယခုပြောင်းရွှေ့ဖွင့်လှစ်မည့် ဈေးအသစ်သည် နေရာကျယ်ဝန်းသည့်အပြင် ကုန်စည်တင်မော်တော်ယာဉ်များ ရပ်နားရန်နေရာ ကျယ်ဝန်းခြင်း၊ ရေမီးအစုံဖြင့် (၂၄)နာရီ ရောင်းချရန် စီစဉ်ပေးထားကြောင်း၊ ဈေးခုံပိုင်ရှင်များအနေဖြင့် ဈေးအသစ်တွင် ဈေးခုံကို ယခင်အကျယ်အဝန်းအတိုင်း အခမဲ့ပြန်လည်အစားထိုး ပေးသွားမည်ဖြစ်ပြီး ဈေးသူဈေးသားများအနေဖြင့် မြို့သာယာလှပရေးနှင့် အများပြည်သူ၏ တင်ပြလာသည့် ဆန္ဒသဘောထားကို အလေးထားစဉ်းစားကာ ပြောင်းရွှေ့ရောင်းချပေးစေလိုကြောင်း မြိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးကြည်စိုးက ပြောသည်။

 

ဆွေးနွေးပွဲတွင် ဈေးသူဈေးသားများမှ ပြောင်းရွှေ့ရောင်းချရန် မိမိတို့တွင် အခက်အခဲရှိသဖြင့်  မူလဈေးအဟောင်းတွင်ပင် ရောင်းချလိုကြောင်း ပြန်လည်ဆွေးနွေးကြရာ ပျံကျကုန်စိမ်းဈေးသည်များကို ပတ်ဝန်းကျင် သန့်ရှင်းသန့်ရပ်ရေးအတွက် မဖြစ်မနေဈေးအသစ်တွင် ရောင်းချရမည်ဖြစ်ပြီး ကျန်ဈေးဆိုင်ခန်းများတွင် ဆက်လက်ရောင်းချမည့်သူများကို ရောင်းချခွင့်ပေးသွားမည်ဖြစ်သော်လည်း ပတ်ဝန်းကျင်တွင် နေထိုင်သော ရပ်ကွက်သူရပ်ကွက်သားများ၏ သဘောဆန္ဒ၊ ကျောင်းသားကျောင်းသူများ၏ ကျန်းမာရေးအခြေအနေများကို အလေးထားသည့်အနေဖြင့် နံနက်(၆)နာရီမှ နံနက်(၁၀)နာရီအထိသာ ရောင်းချခွင့်ပြုတော့မည်ဖြစ်ကြောင်းနှင့် ဈေးအသစ်တွင် ရောင်းချရန် ဆန္ဒရှိသူများအား မူလအရွယ်အစားအတိုင်း ဆိုင်ခန်းကို အခမဲ့ အစားထိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဇော်မျိုးနိုင် (မြိတ်ခရိုင် ပြန်/ဆက်)