မန္တလေး ၆ မေ
မန္တလေးတိုင်းတွင် စားသုံးသူအခွင့်အရေးရလိုမှုဖြင့် တိုင်ကြားမှုများတွင် ဆက်သွယ်ရေး ဝန်ဆောင်မှုနှင့် ပတ်သက်ပြီးတိုင်ကြားမှု အများဆုံးဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန စာရင်းများအရ သိရသည်။
၂၀၁၈ ခုနှစ် အောက်တိုဘာလမှ ၂၀၁၉ ခုနှစ် ဧပြီလအထိ ၇ လအတွင်း စားသုံးသူအခွင့်အရေးရလိုမှုဖြင့် တိုင်ကြားမှု ၁၃၁ မှုရှိပြီး ဆက်သွယ်ရေးဝန်ဆောင်မှုနှင့် ပတ်သက်ပြီး တိုင်ကြားမှုအများဆုံးဖြစ်ကြောင်း သိရသည်။
အဆိုပါတိုင်ကြားမှုများတွင် ဆက်သွယ်ရေးဝန်ဆောင်မှုနှင့် ပတ်သက်ပြီးတိုင်ကြားမှု ၁၀၄ မှု၊ ကုန်စည်နှင့်ပတ်သက်ပြီးတိုင်ကြားမှု ၁၂ မှု၊ ဝန်ဆောင်မှုနှင့်ပတ်သက်ပြီးတိုင်ကြားမှု ၁၅ မှု ရှိကြောင်း သိရသည်။
စားသုံးသူအခွင့်အရေးဆိုသည်မှာ မိမိဝယ်ယူခဲ့သည့်ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများကို ဝယ်ယူသုံးစွဲခဲ့သည့် စားသုံးသူအနေဖြင့် စိတ်ပိုင်းဆိုင်ရာ ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာဖြစ်စေ ဘေးအန္တရာယ်ကင်းရှင်းပြီး ပေးချေသည့် ငွေပမာဏနှင့်အညီ အာမခံမှု လုံခြုံစိတ်ချရမှု အပြည့်အဝ ခံစားနိုင်ကြောင်း စားသုံးသူအခွင့်အရေး တစ်ရပ်အနေနဲ့ စားသုံးသူအကာကွယ်ပေးရေးဥပဒေတွင် ပြဋ္ဌာန်းထားသည်။
မန္တလေးတိုင်းတွင် စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါက စားသုံသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ( CICC)သို့ တိုင်ကြားနိုင်သည်။ CICC သို့ ဆက်သွယ်တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်များမှာ ဝ၂-၄၀၃၆၃၄၀ ၊ ဝ၂-၂၈၃၅၁၅၄ သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။
အိမို့မို့ခိုင်


