နေပြည်တော် ၆ မတ် 

 


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနနှင့် ထိုင်းနိုင်ငံအခြေစိုက် Makro ROH Co., Ltd ၏ အစုရှယ်ယာ ရာနှုန်းပြည့်ပါဝင်သည့် ARO Commercial Co., Ltd တို့ချုပ်ဆိုသော မြေငှားရမ်းခြင်းဆိုင်ရာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဝန်ကြီးရုံးညီလာခံခန်းမ၌ ကျင်းပသည်။

 

ိ္

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က နိုင်ငံတော်၏ စီးပွားရေး မူဝါဒ(၁၂)ချက်အနက် ဈေးကွက်စီးပွာရေးစနစ်နှင့်အညီ ပုဂ္ဂလိကကဏ္ဍ တိုးတက်ရေးအတွက် နိုင်ငံသားတိုင်း မိမိတို့လုပ်ကိုင်လိုသည့် စီးပွားရေးလုပ်ငန်းများအား လွတ်လပ်စွာလုပ်ကိုင်ခွင့် ရရှိရန်နှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရန်အတွက် မူဝါဒများ သီးခြားရေးဆွဲဆောင်ရွက်ရန်၊ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် စာနပ်ရိက္ခာဖူလုံစေရေးနှင့် ပို့ကုန်မြှင့်တင်နိုင်ရေးတို့ အတွက် လယ်ယာကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် စက်မှုကဏ္ဍများ ဘက်ညီစွာ တိုးတက်လာရေးတို့အတွက် မြေငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံခြားသားကုမ္ပဏီ၊ မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသား ပေါင်းစည်းဆောင်ရွက်သည့် ကုမ္ပဏီများအား ပြည်တွင်းတွင် လက်လီလက်ကား ကုန်ပစ္စည်းရောင်းချခွင့်ပြုခဲ့ကြောင်း၊ ထိုသို့ ခွင့်ပြုခြင်းဖြင့် ပြည်တွင်းထုတ်ကုန်ပစ္စည်းများ ဈေးကွက်ပိုမိုရရှိပြီး လက်လီလက်ကား အရောင်းဆိုင်များ၊ တစ်ပိုင်တစ်နိုင် လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။
    

 

ထို့နောက် Makro ROH Co., Ltd မှ Chief Executive Officer Mrs. Suchada နှင့် စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်တို့က အမှာစကား ပြောကြားကြပြီး စာသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ARO Comme-rcial Co., Ltd ဒါရိုက်တာ တို့က မြေငှားရမ်းခြင်းစာချုပ်ကို လက်မှတ်ရေးထိုးကြသည်။
    

 

အဆိုပါ Makro ROH Co.,Ltd သည် စာသုံးသူရေးရာဦးစီးဌာနက စီမံခန့်ခွဲခွင့်ရှိသော ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွှန့်မြို့နယ် စက်ဆန်းအင်ဂျင်နီယာချုပ်ရုံးဝင်းနှင့် ဆန်စက်အပိုပစ္စည်းစက်ရုံဝင်းရှိ မြေဧက ၉ ဒသမ ၂၂၀ ပေါ်တွင် ကုန်ပစ္စည်းအမျိုးအစား ၈၀ဝ၀ ခန့် ဖြန့်ဖြူးရောင်းချရန်အတွက် ဆိုင်ခွဲ(၉)ခုဖွင့်လှစ်မည်ဖြစ်ပြီး ပြည်တွင်း အသေးစား၊ အလတ်စားလုပ်ငန်းများမှ ထွက်ရှိသော ကုန်ပစ္စည်းများနှင့် တောင်သူလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရန် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်ပစ္စည်းများအား ပြည်ပသို့ တင်ပို့ရောင်းချပေးသွားမည်ဖြစ်သည်။ 

 


(သတင်းစဉ်)