မုံရွာ ဇူလိုင် ၂၂

 

၂၀၂၅ ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅) နှစ်အောက် အမျိုးသား ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ယနေ့ညနေပိုင်းတွင် မုံရွာမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ ဖူဆယ်အားကစားရုံ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး /ခရိုင် /မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။

 

ဦးစွာ တက်ရောက်လာသူများက ဗိုလ်လုပွဲစဉ်အဖြစ် ကလေးခရိုင် ဖူဆယ်အသင်းနှင့် ရွှေဘိုခရိုင် ဖူဆယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးရာ ကလေးခရိုင်အသင်းမှ လေးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိသွားသည်။

 

ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပထမဆုရရှိသည့် ကလေးခရိုင်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်၊ ငွေသားဆုငွေကျပ် ငါးသိန်းနှင့် တံခွန်စိုက်ဆုအား ပေးအပ်ချီးမြှင့်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးက ဒုတိယဆုရရှိသည့် ရွှေဘိုခရိုင်အသင်းအား တစ်ဦး ချင်းဆုတံဆိပ်၊ ငွေသားဆုငွေကျပ် သုံးသိန်းအား ပေးအပ်ချီးမြှင့်သည်။

 

ဆက်လက်၍ တိုင်းဒေသကြီး တရားသူကြီးချုပ်က ပူးတွဲတတိယဆုရရှိသည့် မုံရွာခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုငွေကျပ် နှစ်သိန်းကို လည်းကောင်း၊ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပူးတွဲတတိယဆုရရှိသည့် စစ်ကိုင်းခရိုင်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆု ငွေကျပ် နှစ်သိန်းကို လည်းကောင်း ပေးအပ် ချီးမြှင့်သည်။

 

ထို့နောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တိုင်းဒေသကြီးဥပဒေချုပ်တို့က နေရာအလိုက် အကောင်းဆုံးဆုများနှင့် ပွဲစဉ်တစ်လျှောက် အကောင်း ဆုံးဆုရ အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဆုတံဆိပ်များအား ပေးအပ်ချီးမြှင့်ကြပြီး တိုင်းဒေသကြီးအတွင်းရေးမှူးက ပထမဆုရရှိခဲ့သည့် ကလေးခရိုင်အသင်းအား ဂုဏ်ပြုချီးမြှင့်ငွေကျပ် ငါးသိန်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)